၁.၁၀.၂၀၂၅
Written By Thandar
ဧရာဝတီရုပ်ရှင်ထုတ်လုပ်ရေးက ဝါကျွတ်ရင် အိမ်ထောင်ပြုကြမယ့်သူတွေအတွက် ဟာသဇာတ်လမ်းပုံစံ “စူပါလေဒီ” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ယမန်နေ့ စက်တင်ဘာ ၃၀ ရက် ညနေပိုင်းက ရန်ကုန်မြို့ကသမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ ဒီဇာတ်ကားက ဇာတ်ကလည်း ကိုညိုမင်းလွင်ရဲ့ ဇာတ်လည်းဖြစ်တယ်။ ပရိသတ်တွေ ဟာသဇာတ် လမ်းလေးကိုမှ ဒရာမာလေးလည်းပါတယ်ဆိုတော့ မြင်နေကြဇာတ်မျိုးမဟုတ်တော့အကြိုက်တွေ့ကြမှာပါ။ သီတင်းကျွတ်မှာ ရုံတင်ပြသမှာမို့ လာရောက်အားပေးကြပါဦးလို့ပြောချင်ပါတယ် ” လို့ ဒါရိုက်တာ အကယ်ဒမီ ကိုဇော်(အရုဏ်ဦး)က ပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း အကယ်ဒမီ ညိုမင်းလွင်၊ ဇာတ်ညွှန်း မင်းကိုစိုး(နတ်သံကွင်း)၊ လူညိုချော၊ ဒါရိုက်တာ အကယ်ဒမီ ကိုဇော်(အရုဏ်ဦး)က သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီမြင့်မြတ်၊ ထူးအောင်၊ အကယ်ဒမီစိုးမြတ်သူဇာ၊ ရတနာဗို၊ ဆူး၊ ဖာစီ၊ ဆင်မ၊ ဇော်ဝင်းနိုင်(မန်း)၊ ဇော်ဇော်အောင်၊ Kညီ၊ ရန်ပြေ စတဲ့ သူတွေနဲ့ ရိုက်ကူးထားပါတယ်။
“စူပါလေဒီ”ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် အောက်တိုဘာလ ၃ ရက်နေ့မှစတင်ပြီး မြန်မာတစ်ပြည်လုံး ရုံတင်ပြသမှာဖြစ်ပါတယ်။
