၁.၁၀.၂၀၂၅
Translated by Htwe Ko Tun
ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းတွင် စက်တင်ဘာလ ၃၀ ရက်၊ ဒေသစံတော်ချိန် ည ၉ နာရီ ၅၉ မိနစ်တွင် စီဘူးပြည်နယ်အတွင်း ဗဟိုပြု၍ လှုပ်ခတ်သွားခဲ့သော ပြင်းအား ၆ ဒသမ ၉ မဂ္ဂနီကျူ့ ရှိ ငလျင် ကြောင့် သေဆုံးသူအနည်းဆုံး ၄၆ ဦးရှိကာ လူ ၂၀၀ ဦးနီးပါးဒဏ်ရာရခဲ့ကြကြောင်း သဘာဝ ဘေးရန်ကာကွယ်ထိန်းချုပ်ရေး တာဝန်ရှိသူများက အောက်တိုဘာလ ၁ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့ကြသည်။

ငလျင်က စီဘူးပြည်နယ်၊ ဘိုဂိုစီတီး၏ အရှေ့မြောက်ဘက် ၂၁ ကီလိုမီတာအကွာနေရာကို ဗဟိုပြုလျက် မြေအနက် ငါးကီလိုမီတာတွင် လှုပ်ခတ်ခဲ့ခြင်းဟုသိရသည်။ သေဆုံးသူများအနက် ကိုးဦးက ဘိုဂိုစီတီးမှ ဖြစ်ကြောင်းလည်းသိရသည်။
ငလျင်ကြောင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများအပါအဝင် အခြားအဆောက်အအုံများစွာလည်း ဒေသအတွင်း ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း၊ ဘန်တာရန်မြို့အတွင်း စီးပွားရေးဆိုင်ရာအဆောက်အအုံတစ်လုံးနှင့် ကျောင်းအဆောက်အအုံတစ်လုံးတို့ ပြိုကျခဲ့ရကြောင်းအာဏာပိုင်များက ပြောခဲ့ကြသည်။

ဘိုဂိုမြို့အတွင်း စီဘူးပြည်နယ်ဆေးရုံတွင် ငလျင်ကြောင့် ဒဏ်ရာရသူများမှာ ဆေးရုံ၏အတွင်းပိုင်းနှင့် အပြင်ဘက် မြေကြီးပေါ်တွင်ပါ ပြည့်ကျပ်နေသည်ကိုတွေ့ကြရသည်။
ဖိလစ်ပိုင်ငလျင်ဌာနက စက်တင်ဘာလ ၃၀ ရက် ၌ပင် နောက်ဆက်တွဲငလျင် အနည်းဆုံး ၂၈၂ ကြိမ် လှုပ်ခတ်ခဲ့သေးကြောင်းနှင့် ပိုမိုများပြားသော နောက်ဆက်တွဲငလျင်များနှင့် ငလျင်ကြောင့် ထိခိုက်သေဆုံးသူများရှိနိုင်သေးကြောင်း ပြောခဲ့သည်။

Ref- inquirer.net, Wikipedia
