၂. ၉. ၂၀၂၅
Written by Nay Moe
အကြမ်းဖက်သမားတွေဟာ အေးချမ်းစွာ နေထိုင်လျက်ရှိတဲ့ ပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိစေဖို့နဲ့ အကြောက်တရားများလွှမ်းမိုးစေဖို့ ရည်ရွယ်ချက်တွေနဲ့ ဖမ်းဆီးသတ်ဖြတ်တာ၊ ရပ်ကွက်/ကျေးရွာတွေအတွင်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေ၊ Drone နဲ့ Drop Bomb ပစ်ချတိုက်ခိုက်တာတွေကို ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေကြရာမှာ အခုလည်း ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ KIA နဲ့ PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ ကလေးငယ်တစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ရပြန်ပါတယ်။
ဖြစ်စဉ်က ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၁ ရက် မွန်းတည့် ၁၂ နာရီအချိန် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နန့်ဝါကျေးရွာနေ မခေါင်နော်(၈)နှစ်နဲ့ အဒေါ်ဖြစ်သူ ဒေါ်ဇယ်ညွယ်တို့ နှစ်ဦးဟာ နန့်ဝါကျေးရွာကနေ ဆိုင်လော်ကျေးရွာမှာရှိတဲ့ ဆိုင်လော်တိုက်ပွဲရှောင်စခန်းကို ဝိုင်းမော်-ဝါးရှောင် ကားလမ်းအတိုင်း ဆိုင်ကယ်နဲ့ ထွက်ခွာလာချိန် နန့်ဝါကျေးရွာနဲ့ ဝါးရှောင် ကျေးရွာကြားအရောက် သူမတို့အနီးကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် တူမဖြစ်သူ မခေါင်နော်ဟာ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာတွေရရှိကာ သေဆုံးသွားခဲ့ပေမဲ့ အဒေါ်ဖြစ်တဲ့ ဒေါ်ဇယ်ညွယ်ကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။
မြို့သိမ်းတိုက်ပွဲတွေနဲ့ ဒီလိုမျိုး အပြစ်မဲ့ အရပ်သားပြည်သူတွေအေးချမ်းစွာ နေထိုင်လျက်ရှိ တဲ့ ရပ်ကွက်/ ကျေးရွာတွေအတွင်းကို လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကို ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုတွေကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများစွာ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူတွေက လုံးဝ လက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိသလို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လိုအပ်တဲ့ လုံခြုံရေးလုပ်ငန်းတွေကို ပြည်သူလူထုနဲ့ပူးပေါင်း တိုးမြှင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
