၂.၉.၂၀၂၅
Written by Thiri
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးဖြစ်စဉ်မှာ လူအသေအပျောက်အများဆုံးနဲ့ ဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့တဲ့ မန္တလေးမြို့ Sky Villa Condominium & Condo ပြိုကျခဲ့မှုမှာ အသက်ဆုံးပါးသွားခဲ့တဲ့ မိသားစုတွေကို NTL Construction Co.Ltd (Sky Villa Condominium) ထောက်ပံ့ကြေးတစ်ဦးကို ငွေကျပ် သိန်း(၁၀၀) စက်တင်ဘာလ (၈) ရက်နေ့မှစတင်ကာ ထောက်ပံ့မှာမို့ အထောက်အထားခိုင်ခိုင်လုံလုံနဲ့ လာရောက်စာရင်းပေးဖို့ ဩဂုတ် ၂၈ ရက်က စာထုတ် ကြေငြာတဲ့ ဗီနိုင်းဆိုင်းဘုတ်တစ်ခု လူမှုကွန်ရက်မှာ တွေ့မြင်ရပါတယ်။
အဆိုပါဆိုင်းဘုတ်မှ ကြေငြာချက်က ” မန္တလေးမြေငလျင်ကြီးကြောင့် Sky Villa Condominium & Condo ပြိုကျခဲ့မှုတွင် အသက်ဆုံးပါးသွားခဲ့သော မိသားစုများအား NTL Construction Co.Ltd (Sky Villa Condominium) ထောက်ပံ့ကြေးတစ်ဦးလျင် ငွေကျပ်သိန်း(၁၀၀)ကျပ် တိတိအား စက်တင်ဘာလ(၈)ရက်နေ့မှစတင်၍ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။ သို့ဖြစ်ပါ၍ သေဆုံးကြောင်း အထောက်အထား စာရွက်စာတမ်းများနှင့်ခိုင်လုံသောအချက်အလက်များနှင့်အတူ Sky Villa ယာယီကွပ်ကဲရေးရုံးသို့ ကြိုတင်၍ လာရောက်စာရင်းပေးသွင်းနိုင်ပါရန် အသိပေးအကြောင်းကြားအပ်ပါသည်” လို့ ပါရှိပါတယ်။
အသက်ဆုံးရှုံးခဲ့ရသူတွေအတွက် သေဆုံးကြောင်း အထောက်အထား စာရွက်စာတမ်းတွေနဲ့ ခိုင်လုံတဲ့ အချက်အလက်တွေနဲ့အတူ Sky Villa ယာယီကွပ်ကဲရေးရုံးမှာ လာရောက်စာရင်းပေးသွင်းနိုင်တယ်လို့ ကြေညာထားတာပါ။
မိသားစုဝင် ၄ ဦး နဲ့ အလုပ်သမား ၃ ဦး ဆုံးရှုံးထားပြီး ပိုင်ဆိုင်မှုတွေ တိတိကျကျပြန်မရသေးတဲ့ သုခဒိုင်းမွန်း ရတနာ လုပ်ငန်းက ကျန်ရစ်သူမိသားစုဝင် သမီးငယ် မနှင်းဆီလင်းဝင်းကတော့ “သေဆုံးပြီး ငါးလအကြာမှ နစ်နာကြေးဆိုလား ကရုဏာကြေးဆိုလား တစ်ယောက် သိန်း ၁၀၀ တဲ့လားကွယ်…။ ကျန်ရစ်သူမိသားစုတွေ လိုချင်ခဲ့တာ ကွန်ဒို တာဝန်ရှိသူတွေ ဦးဆောင်ပြီး လူအင်အားများစွာနဲ့ ကယ်ထုတ်ပေးဖို့ / စိတ်ရင်းအမှန်နဲ့ ကျန်ရစ်သူ မိသားစုကိုတောင်းပန်ဖို့… ခုလို ငါးလ အကြာမှ နစ်နာကြေးလည်း မလိုချင်ဘူး။ ကရုဏာကြေးလည်းမလိုချင်ဘူး… ။ ယူလည်းယူမှာ မဟုတ်ဘူး …'” လို့ Sky Villa ရဲ့ တာဝန်ယူမှု တာဝန်ခံမှုကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားဖော်ပြလာပါတယ်။
လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် Sky Villa ကွန်ဒို ပြိုကျပျက်စီးခဲ့ရပြီး ဩဂုတ်(၂၉) အထိကို ကွန်ဒိုကနေ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိနေဆဲလည်းဖြစ်ပါတယ်။
Sky Villa ကွန်ဒိုဟာ မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ ရေစစ်ကန်အနီးမှာတည်ရှိပြီး (၁၁) ထပ်မြင့်ကာ အဆောင်လေးဆောင် ထည့်သွင်းတည်ဆောက်ထားတဲ့အဆောက်အဦဖြစ်ပြီး ပြိုကျပျက်စီးမှုအတွင်း ရုပ်အလောင်း (၁၈၄) လောင်း ထုတ်ယူထားနိုင်တယ်လို့ သိရှိရကာ အသက်ရှင်လျက် ကယ်ထုတ်နိုင်သူ ၅၂ ဦး သာရှိလို့ ဧည့်စာရင်းအရ လူဦးရေ၄၀၀ ကျော်မှာ တစ်ရာကျော်က ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။



