၂.၉.၂၀၂၅
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံမှာ ဩဂုတ်လ နောက်ဆုံးပတ်အတွင်း တစ်ပတ်ခန့်ကြာအောင် နိုင်ငံတစ်ဝန်းဖြစ်ခဲ့တဲ့ အကြမ်းဖက် ဆန္ဒပြမှုတွေမှာ အနည်းဆုံး လူ ၂၀ ဦးပျောက်ဆုံးနေတယ်လို့ လူ့အွင့်အရေးအုပ်စုတစ်ခုက စက်တင်ဘာလ ၂ ရက်မှာ ပြောခဲ့ပါတယ်။
လွှတ်တော်အမတ်တွေကို လစာခံစားခွင့်နဲ့ တခြားအခွင့်အရေးတွေ တိုးမြှင့်ပေးခဲ့တာရယ်၊ ရဲတပ်ဖွဲ့အပေါ် မကျေနပ်မှုတွေရယ်ကြောင့် အရှိန်မြင့်လာခဲ့တဲ့ ဆန္ဒပြပွဲတွေက တစ်နိုင်ငံလုံးကို ပျံ့နှံ့ဖြစ်ပွားခဲ့တာပါ။ ဆန္ဒပြမှုတွေအတွင်းမှာ လူခုနစ်ဦးသေဆုံးခဲ့ရပြီး နိုင်ငံရဲ့စီးပွားရေးကို ကြီးမားစွာထိခိုက်ခြိမ်းခြောက်ခဲ့ပါတယ်။
ပျောက်ဆုံးနေသူတွေနဲ့ အကြမ်းဖက်ခံရသူဓားစာခံတွေအတွက် ကော်မရှင်(KontraS) က စက်တင်ဘာလ ၁ ရက်အထိ ပျောက်ဆုံးနေသူ ၂၃ ဦးရှိခဲ့ပြီး ရှာဖွေစိစစ်မှုတွေ ပြုလုပ်ခဲ့တာမှာ စက်တင်ဘာလ ၂ ရက်မှာတော့ အနည်းဆုံး ၂၀ ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။
KontraS က ပျောက်ဆုံးနေသူတွေက ဂျာဗားကျွန်းမှာ ဘန်ဒေါင်းနဲ့ ဒီပုတ်ခ်မြို့တို့နဲ့ အရှေ့ဂျာကာတာ၊ ဂျာကာတာအလယ်ပိုင်းနဲ့မြောက်ဂျာကာတာတို့မှဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ရဲတပ်ဖွဲ့ ကတော့ အဆိုပါ ကြေညာချက်ကို တစ်စုံတစ်ရာ ဝေဖန်ပြောကြားတာမျိုး မလုပ်သေးပါဘူး။
ရဲတပ်ဖွဲ့က ဩဂုတ်လ ၂၅ ရက်ကစလို့ ဆန္ဒပြမှုတွေအတွင်း ဂျာကာတာမှာ လူ ၁,၂၄၀ ဦး ဖမ်းဆီးထားတယ်လို့ မြို့တော်ရဲတပ်ဖွဲ့ ရဲမှူးကြီး အဆက် အီဒီ ဆူဟီရီက အန်တာရာသတင်းဌာနကို ပြောခဲ့ပါတယ်။
Ref- Bangkok Post
