၂.၉.၂၀၂၅
Translated by Htwe Ko Tun
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ရဲ့ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံကိုရောက်ရှိနေတဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖိန်တို့က ပေကျင်းမြို့မှာ စက်တင်ဘာလ ၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ရှီက ရုရှားနဲ့ တရုတ်နှစ်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်ကြီးမှာ အဓိက စစ်ပွဲအောင်နိုင်သူတွေလို့ ထည့်သွင်းပြောခဲ့ပါတယ်။

သူက ရုရှားသမ္မတကို ‘လေးစားရပါတဲ့ သူငယ်ချင်းဟောင်းကြီး’ လို့ အစချီပြီး အောက်ပါအတိုင်းပြောကြားသွားခဲ့ပါတယ်။
“လေးစားရပါတဲ့ သူငယ်ချင်းဟောင်း ရုရှားသမ္မတကြီးပူတင်ရေ။ ကျွန်တော်တို့ ပေဂျင်းမှာ ပြန်တွေ့ ရတာ အရမ်းဝမ်းသာမိပါတယ်။ မနေ့ကဆိုရင် ကျွန်တော်တို့တစ်တွေ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (SCO) ရဲ့ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြပါတယ်။ မနက်ဖြန်မှာတော့ ကျွန်တော်တို့ဟာ ပေကျင်းမှာကျင်းပမယ့် တရုတ်ပြည်သူတွေရဲ့ ဂျပန်ဖက်ဆစ်တွေအပေါ် ဒုတိယကမ္ဘာစစ်ကြီးတုန်းက အောင်မြင်မှု နှစ် ၈၀ ပြည့်အမှတ်တရ အခမ်းအနား စစ်ချီတက်ပွဲကို နိုင်ငံတွေက နိုင်ငံအကြီးအကဲတွေ ဧည့်သည်တွေနဲ့အတူတူ တက်ရောက်ပြီး ပါဝင်ဆင်နွှဲကြဖို့ သွားကြမှာပါ။ မေလ ၉ ရက်နဲ့ စက်တင်ဘာလ ၃ ရက်တို့မှာ ရုရှားနိုင်ငံနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှာ ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲတွေ အောင်နိုင်မှုကို အမှတ်တရ ဖြစ်စေတဲ့အခမ်းအနားတွေ ကျင်းပကြပါတယ်။ ရုရှားနဲ့ တရုတ်နိုင်ငံတို့က ဒုတိယကမ္ဘာစစ်ကြီးမှာအဓိက စစ်ပွဲအောင်နိုင်သူတွေ ဖြစ်ကြပြီး ကုလသမဂ္ဂအဖွဲ့၊ လုံခြုံရေးကောင်စီရဲ့ အမြဲတန်းအဖွဲ့ဝင်တွေလည်း ဖြစ်ကြပါတယ်။ အခုလို အခမ်းအနားမှာ ကျွန်တော်တို့ခေါင်းဆောင်တွေ ပါဝင်ဆင်နွှဲကြတာက ဒုတိယကမ္ဘာစစ်ကြီးနဲ့ ပတ်သက်လို့ အမှန်တရားကို ကာကွယ်ဖို့အတွက် ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို မီးမောင်းထိုးပြတဲ့ ဖက်ဆစ်ဆန့် ကျင်ရေးစစ်ပွဲကြီးအောင်နိုင်မှုကို အမှတ်တရဖြစ်စေမှာလည်းဖြစ်ပါတယ်။”လို့ ရှီက ပြောခဲ့ပါတယ်။
ဆက်လက်ပြီး“ဒါ့ပြင် ခုလို ခေါင်းဆောင်တွေ အပြန်အလှန်အောင်ပွဲခံဆင်နွှဲကြတာက နှစ်နိုင်ငံအကျိုးတူချစ်ကြည်ရေးမှာ ကောင်းမွန်တဲ့အစဉ်အလာလို့လည်း ဆိုချင်ပါတယ်။ ဒါက ရုရှားနဲ့ တရုတ်နိုင်ငံတို့ဟာ ဒုတိယကမ္ဘာစစ်ပွဲမှာ အဓိကအောင်နိုင်သူတွေနဲ့ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်တွေဖြစ်သလို ကြီးမားတဲ့တာဝန် ယူနိုင်မှု ရှိတယ်ဆိုတာ အထောက် အထားခိုင်လုံစွာနဲ့ပြသတာပါပဲ။ ကျွန်တော့်အနေနဲ့ကတော့ SCO အဖွဲ့ဝင်တွေအားလုံးကို သူတို့ရဲ့ အမျိုးသားရေးဆိုင်ရာကွဲပြားကြတာတွေကို အလေးထားကြရင်း၊ ပြည်သူတွေအကြား အပြန်အလှန်ဖလှယ်မှုခိုင်မာစေရေးတွေအတွက်ပါ အားလုံး အကျိုးရှိစေမယ့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ဆောင်ရွက်ကြဖို့ တိုက်တွန်းပါတယ်။ ဒါက SCO အဖွဲ့ကြီးအတွင်းကြီးမားတဲ့ထိရောက်မှုဖြစ်စေပြီးသက်သေအထောက်အထားအခြေခံတဲ့မူဝါဒချမှတ်မှုကိုလည်းဖြစ်စေမှာပါ”လို့လည်း ရှီက ပြောကြားသွားပါတယ်။
Ref- RT
