၂. ၉. ၂၀၂၅
Translated by Thettant
အမေရိကန်ပြည်ထောင်စု၊ ကိုလိုရာဒိုပြည်နယ်၊ ဖော့တ်မော်ဂန်မြို့၏ မြောက်ဘက် ခြောက်မိုင်အကွာတွင်ရှိသည့် ဖော့တ်မော်ဂန် မြူနီစီပယ်လေဆိပ် (Fort Morgan Municipal Airport) သို့ ဆင်းသက်ရန် ကြိုးစားနေစဉ် လေယာဉ်ငယ်နှစ်စီး လေထဲတွင် တိုက်မိပြီး ခရီးသည်တစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရရှိမှု တနင်္ဂနွေနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲရေးအဖွဲ့ (Federal Aviation Administration) ၏ အဆိုအရ Cessna 172 နှင့် Extra EA-300 လေယာဉ်နှစ်စီး၏ လေယာဉ်မှူးများက ဖော့တ်မော်ဂန်မြူနီစီပယ်လေဆိပ်၏ ပြေးလမ်းပေါ်သို့ တစ်ပြိုင်နက်တည်း ဆင်းသက်ရန် ကြိုးစားနေစဉ် တိုက်မိခဲ့ခြင်းဖြစ်သည်။
အဆိုပါ လေယာဉ်ငယ်တစ်စီးစီတွင် လူနှစ်ဦးစီ လိုက်ပါလာခဲ့ပြီး မော်ဂန်ကောင်တီရဲအရာရှိရုံး၏ ပြောကြားချက်အရ Extra EA-300 လေယာဉ်ပေါ်ပါလာသည့် လူတစ်ဦးသည် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့သည်။ အဆိုပါလေယာဉ်ပေါ်မှ အသက်ရှင်ကျန်ရစ်သူတစ်ဦးအား အနီးရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ၎င်း၏အခြေအနေမှာ မရှင်းလင်းသေးပေ။
Cessna 172 လေယာဉ်ပေါ်ပါလာသူများကမူ အနည်းအကျဉ်းသာ ဒဏ်ရာရသဖြင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် မစိုးရိမ်ရသည့် ဒဏ်ရာများအတွက် ကုသပေးခဲ့သည်။
မော်ဂန်ကောင်တီ ရဲအရာရှိရုံး၏ ပြောကြားချက်အရ ကြောက်မက်ဖွယ်ကောင်းသော လေယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် လေယာဉ်တစ်စီး မီးလောင်ကျွမ်းခဲ့သော်လည်း မည်သည့်လေယာဉ်ဖြစ်သည်ကိုမူ တိတိကျကျ ဖော်ပြမထားပေ။
9News မှ ရိုက်ကူးထားသည့် လေကြောင်းမှ ရိုက်ကူးထားသော ရုပ်သံဖိုင်အရ လေယာဉ်နှစ်စီးစလုံးသည် ပျက်စီးသွားပြီး လေယာဉ်တစ်စီးမှာ ပြာမှုန့်နှင့် မီးသွေးများအဖြစ်သို့ ပြောင်းလဲသွားကာ အခြားလေယာဉ်တစ်စီးမှာ အမြီး၊ အတောင်ပံနှင့် ဘီးတစ်လုံးသာ ကျန်ရှိတော့သည်ကို တွေ့ရသည်။
မော်ဂန်ကောင်တီ ရဲအရာရှိရုံး၏ ပြောကြားချက်အရ မီးခိုးများထွက်နေသည့် အပျက်အစီးများမှ အကူအညီပေးရန်အတွက် အနီးအနားမှ လူများက အပြေးအလွှား ရောက်ရှိလာပြီး အချို့မှာ မီးငြှိမ်းသတ်ရန်ပင် ကြိုးစားခဲ့ကြသည်။
“ဒီဝမ်းနည်းဖွယ်ရာဖြစ်ရပ်မှာ သေဆုံးသွားသူရဲ့ မိသားစုနဲ့ မိတ်ဆွေတွေကို ကျွန်တော်တို့က အနက်ရှိုင်းဆုံး ဝမ်းနည်းကြောင်း ပြောကြားလိုပါတယ်။ ဒါ့အပြင် မီးသတ်တပ်ဖွဲ့နဲ့ ရှေးဦးသူနာပြုများ မရောက်မီအထိ မီးငြှိမ်းသတ်ဖို့ ကူညီပေးခဲ့ကြတဲ့ ပြည်သူတွေကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်” ဟု မော်ဂန်ကောင်တီ ရဲအရာရှိရုံးက ပြောကြားခဲ့သည်။
အဆိုပါ လေယာဉ်တိုက်မှုဖြစ်စဉ်ကို ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲရေးအဖွဲ့ (Federal Aviation Administration) နှင့် အမျိုးသားသယ်ယူပို့ဆောင်ရေးဘေးအန္တရာယ်ကင်းရှင်းရေးဘုတ်အဖွဲ့တို့ ဦးဆောင်သော စုံစမ်းစစ်ဆေးမှု ယနေ့ စတင်နေပြီဖြစ်သော်လည်း စုံစမ်းစစ်ဆေးမှုရလဒ်များမှာ ထွက်ပေါ်လာခြင်း မရှိသေးချေ။
Ref, New York Post
