၂.၉.၂၀၂၅
Written By Thandar
ယနေ့ စက်တင်ဘာ ၂ ရက် နံနက် ၁၀ နာရီက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲ နှစ်(၂၀) မြောက်အထိမ်းအမှတ်အနေနဲ့ ၂၀၂၄/ ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဂုဏ်ထူးနဲ့ အောင်မြင်သူတွေသာမက ရိုးရိုးအောင်မြင်သူ ၁၀ ဦးကိုပါ ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ချီးမြှင့်ပေးခဲ့ပါတယ်။
“ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးက အခု ၂၀၂၄/၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲ နှစ်၂၀မြောက်ပြီမို့ ဂုဏ်ထူးပါတဲ့ ကလေးတွေရော၊ ရိုးရိုးစာမေးပွဲအောင်ခဲ့တဲ့ ကိုယ့်လောကသားတွေရဲ့ ကလေးတွေကို ဂုဏ်ပြုမှတ်တမ်းတွေရယ်၊ ဆုကြေးငွေတွေပါ ချီးမြှင့်ပေးအပ်ပါတယ်။ ကျွန်တော်တို့ရုပ်ရှင်အစည်းအရုံးက ကိုယ့်လောကသားတွေရဲ့ သားသမီးတွေကလည်း ဒီလောကရဲ့ ကျွေးမွေးစောင့်ရှောက်မှုကြီးပြင်းခဲ့တာမို့ အနုပညာအလုပ်တွေကို မလုပ်ရင်တောင် အနုပညာကိုချစ်ကြပါ”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက MT Entertainment ကို ပြောပါတယ်။
အဆိုပါ ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ဂုဏ်ပြုချီးမြှင့်ငွေတွေပေးအပ်ပွဲ အခမ်းအနားမှာ ဒါရိုက်တာ ဦးအောင်ဗပါဝါရဲ့ သမီး
မခင်ချမ်းသာ (ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ)၊ ဦးစိုးသီဟ (ကိုသားငယ်) စက်မှုရဲ့သမီး မရတီမြင့်မြတ်အောင် (ရူပဗေဒ၊ ဘောဂဗေဒ)၊ ဦးမျိုးဝင်း (တည်းဖြတ်)ရဲ့ သမီး မလမင်းအိမ်၊ ဦးဒေဝ(စက်မှု)ရဲ့ သမီးမခင်ပြည်စုံ၊ ဦးရဲနိုင်(စက်မှု)ရဲ့ သမီးမအိအိနိုင်၊ ဦးမောင်မောင်တာ(သရုပ်ဆောင်)ရဲ့သား မောင်နိုင်မင်းတာ၊ ဦးသန့်ဇင်ဦး(ဝန်ထမ်း)ရဲ့ သမီးမဖြူဇင်သန့်၊ ဦးအောင်ဇော်မင်း(ပို့/ရံ)ရဲ့ သမီးမသွင်ဆန်းလရောင်၊ ဦးသစ်လွင် (တည်းဖြတ်)ရဲ့ သမီးမနှင်းနဒီကျော်၊ ဦးထူးခန့်ကျော်(ပို့/ရံ)ရဲ့ သမီးမမျိုးသန္တာကျော်တို့ကို တစ်ဦးကို ရုပ်ရှင်အစည်းအရုံးက ကျပ် ၁ သိန်း၊ မင်္ဂလာဇော်မင်းက ကျပ် ၁ သိန်း၊ ဂုဏ်ထူးရသူအတွက် တစ်ဘာသာကို ကျပ် ၁ သိန်းနှုန်းအပြင် စာအုပ်၊ ဘောပင်စာရေးကိရိယာတွေကိုလည်း ပေးအပ်ခဲ့ပါတယ်။
“ကျွန်တော်တို့ရဲ့ သားသမီးတွေကို ရုပ်ရှင်အစည်းအရုံးက အသိအမှတ်ပြုပြီးတော့ ဂုဏ်ပြုပေးတယ်။ ဆုတွေ ချီးမြှင့်ပေးတဲ့အတွက် အရမ်းလည်း ဝမ်းသာပီတိဖြစ်ရပါတယ်”လို့ သရုပ်ဆောင် အောင်ဇော်မင်းက ပြောပါတယ်။
ဒါ့ပြင် မကြာခင်ကျင်းပမယ့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး သက်ကြီးပူဇော်ပွဲအတွက် သရုပ်ဆောင်ထူးခန့်ကျော်မိသားစုက ကျပ်သိန်း ၅၀ လှူဒါန်းခဲ့သလို သရုပ်ဆောင် မမဆောင်းကလည်း ကျပ် ၁၀ သိန်းပါဝင်လှူဒါန်းခဲ့ကြပါတယ်။
#UKyiSoeTun #YAyeKyuLay #MMPA #ဂုဏ်ထူးအောင် #ရိုးရိုးအောင် #မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး #၂၀၂၄_၂၀၂၅ပညာသင်နှစ် #တက္ကသိုလ်ဝင်တန်းစာမေးပွဲဂုဏ်ထူးပါသူ















