၂၆. ၈. ၂၀၂၅
Written by Thettant
နာမည်ကျော် အမေနှင့်အမေ့အကြောင်း စာအုပ်အပါအဝင် ယဉ်ကျေးမှုဆိုင်ရာစာပေ အများအပြားရေးသားခဲ့သော စာရေးဆရာ ဒေါက်တာ ချစ်စံဝင်းသည် အသက် ၈၆ နှစ်အရွယ် ယနေ့ ဩဂုတ် ၂၅ ရက်ကူးစ နံနက် ၁၂ နာရီခွဲက လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
အမည်ရင်း ဦးချစ်စံဖြစ်သော စာရေးဆရာ ချစ်စံဝင်းကို ၁၉၄၀ ပြည့်နှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ပဲခူးတိုင်း၊ ကဝမြို့နယ်၊ ရစ်ကံကြီးကျေးရွာ၌ အဖဦးကျော်စိန်နှင့် အမိဒေါ်လှသန်းတို့မှ မွေးဖွားခဲ့ပြီး ရန်ကင်းကောလိပ်နှင့် ရန်ကုန်တက္ကသိုလ်တို့တွင် ဆက်လက်ပညာသင်ကြားကာ ၁၉၆၇ ခုနှစ်တွင် လုပ်သားများကောလိပ်မှ ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။
ချစ်စံဝင်းမဖြစ်မီက ဦးချစ်စံသည် ၁၉၆၀ ပြည့်နှစ်မှစ၍ နိုင်ငံတော်သစ်လုပ်ငန်းအဖွဲ့နှင့် သိမ်ကြီးဈေး မြန်မာ့ကုန်တိုက်တို့တွင် အလုပ်လုပ်ခဲ့ကာ ၁၉၆၄ မှ ၁၉၆၇ ခုနှစ်အထိ မူလတန်းကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ချစ်စံဝင်းသည် ၁၉၆၇ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီနှင့် တောင်သူလယ်သမား အစည်းအရုံး ဗဟိုဌာနချုပ်တို့တွင် စာပြုလက်ထောက်အယ်ဒီတာ၊ အမှုဆောင်အယ်ဒီတာနှင့် အယ်ဒီတာချုပ် စသည့်ရာထူးများဖြင့် လုပ်ကိုင်ခဲ့သည်။
၁၉၆၅ ခုနှစ်မှစ၍ သတင်းစာနှင့် မဂ္ဂဇင်းများဖြစ်သော တိုင်းရင်းမေ၊ အိုးဝေ၊ ကြေးမုံ၊ ဗိုလ်တထောင်၊ ရှေ့သို့၊ လမ်းစဉ်သတင်း၊ လုပ်သားပြည်သူ့နေ့စဉ်နှင့် မြန်မာ့အလင်းတို့တွင် ဆောင်းပါးများ ရေးသားခဲ့သည်။ ပန်းမျိုးတရာမဂ္ဂဇင်း၊ လူငယ်အားမာန်မဂ္ဂဇင်း၊ ပုလဲမြို့ပြမြေယာမဂ္ဂဇင်း၊ ကြာပန်းရေစဉ်မဂ္ဂဇင်းတို့တွင်လည်း အကျိုးဆောင်စာတည်း၊ ဂုဏ်ထူးဆောင်အယ်ဒီတာ၊ အယ်ဒီတာချုပ်နှင့် အတိုင်ပင်ခံအယ်ဒီတာအဖြစ် တာဝန်ယူခဲ့သလို နိုင်ငံတော် အကြီးအကဲများ ရေးသားသော စာအုပ်များကို တည်းဖြတ်ပေးရသူအဖြစ်လည်း လုပ်ဆောင်ခဲ့သည်။
ချစ်စံဝင်းသည် ဆောင်းပါးပေါင်း ၉,၀၀၀ ခန့်၊ စာအုပ်ပေါင်း ၂၁၀၊ စာတမ်း ၂၀ နှင့် ရုပ်ရှင် ဇာတ်ညွှန်း ၅ ပုဒ်ကို ရေးသားခဲ့သည်။ ၎င်း၏ စာအုပ်များတွင် သမိုင်းမှတ်တမ်းဆိုင်ရာ စာအုပ်များဖြစ်သော ဓမ္မစေတီ ခေါင်းလောင်းကြီး၏လျှို့ဝှက်ချက်များ၊ ဗိဿနိုး သို့မဟုတ် ပျူတို့၏ပန်ထွာမြို့တော်၊ ပျူ၊ ဟန်လင်း(ခေါ်) ဟံသာနာဂရပျူမြို့တော်၊ မြန်မာမြို့ဟောင်း တကောင်းရုပ်ပုံလွှာ၊ မြန်မာအစ အထောက်အထား လေ့လာချက်စာတမ်း စသည်တို့နှင့် အမေနှင့်အမေ့အကြောင်း၊ အမေ့ရင်သွေး စသည့် စာအုပ်များ ပါဝင်သည်။
စာပေဆုများအဖြစ် အမျိုးသားစာပေဆုကို ဤခရီးနီးသလား (၁၉၈၆) နှင့် ဆန်ဖွပ်သည့်အဖိုးအို (၁၉၉၀) စာအုပ်များဖြင့် နှစ်ကြိမ် ရရှိခဲ့သည်။ ထို့အပြင် ပခုက္ကူဦးအုံးဖေစာပေဆု၊ သုတစွယ်စုံစာပေဆု၊ ထွန်းဖောင်ဒေးရှင်းစာပေဆုနှင့် နိုင်ငံတကာဆုများဖြစ်သော International Trophy for Quality (၁၉၉၈) နှင့် Golden America Award for Quality (၁၉၉၉) တို့ကိုလည်း ရရှိခဲ့သလို ၂၀၂၂ ခုနှစ်အတွက်အမျိုးသားစာပေတစ်သက်တာဆုကိုလည်း ရရှိခဲ့သည်။
ကွယ်လွန်သူ စာရေးဆရာ ချစ်စံဝင်းအား ယနေ့တွင် ရေဝေးသုသာန်အအေးခန်းသို့ ပို့ဆောင်လိုက်ပြီး ဩဂုတ် ၂၈ ရက်နေ့တွင် မွန်းတည့် ၁၂ နာရီအချိန် မီးသဂြိုဟ်မည်ဟု သိရသည်။
