၂၆.၈.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်ပ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ အမေရိကန်သို့ မြေရှားသတ္တု သံလိုက်တွေ ပေးပို့မှုကို အာမခံသေချာစေရမှာဖြစ်ပြီး ဒီလိုမှမဟုတ်ရင် ကုန်သွယ်စည်းကြပ်ခွန် ၂၀၀ ရာခိုင်နှုန်းအထိ တရုတ်ကုန်ပစ္စည်းတွေအပေါ် ကောက်ခံမယ်လို့ ဩဂုတ်လ ၂၅ ရက်မှာ ပြောခဲ့ပါတယ်။ ထရမ့်ပ်က မြေရှားသတ္တုတွေပေးပို့မှု သေချာစေရင် တရုတ်နိုင်ငံမှကျောင်းသားတွေကိုလည်း အမေရိကန်နိုင်ငံအတွင်း ဆက်လက်ခွင့်ပြုသွားမယ်လို့ ပြောခဲ့ပါတယ်။
သမ္မတ ထရမ့်ပ်က အသေးစိတ်မပြောကြားခဲ့ပေမယ့်လည်း သူ့အနေနဲ့ တရုတ်နိုင်ငံကို ဒုက္ခဖြစ်သွားစေမယ့် နိုင်ကွက်တွေရှိတယ်လို့လည်း ဆိုခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံသမ္မတ လီဂျေမြွန်နဲ့ အိမ်ဖြူတော်မှာတွေ့ဆုံတဲ့အစည်းအဝေးကျင်းပနေတုန်းမှာ ထရမ့်ပ်ကသတင်းထောက်တွေကို “သူတို့အနေနဲ့ ကျွန်တော်တို့ကို မြေရှားသတ္တု သံလိုက်တွေ ပို့ပေးဖို့ လိုတယ်၊ ဒါမှမဟုတ်ရင်တော့ သူတို့အဖို့ ကုန်သွယ်စည်းကြပ်ခွန် ၂၀၀ ရာခိုင်နှုန်း ဒါမှမဟုတ် တစ်ခုခုနဲ့ ရင်ဆိုင်ရမှာပေါ့” လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ထရမ့်ပ်က ဒီလို မြင့်မားလှတဲ့ အခွန်တွေကောက်ခံရမှုက နှစ်နိုင်ငံအကျိုးတူကုန်သွယ်ရေးကို ထိခိုက်ပျက်ပြားစေမယ်ဆိုတာတော့ ဝန်ခံခဲ့ပါတယ်။
ဒါ့ပြင် ထရမ့်ပ်က “ကျွန်တော်တို့မှာ ပိုအားကောင်းတဲ့ အရာတစ်ခုရှိပါတယ်။ အဲဒါက အခွန်စည်းကြပ်မှုတွေပါ။ ကျွန်တော်တို့က ၁၀၀ ရာခိုင်နှုန်း၊ ၂၀၀ ရာခိုင်နှုန်းအထိ အခွန် စည်းကြပ်မယ်ဆိုရင်တော့ ကျွန်တော်တို့က တရုတ်နဲ့ ဘာစီးပွားရေးမှ လုပ်လို့ရမှာ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။
သူက ဆက်လက်ပြီး“ ခင်ဗျားတို့သိတဲ့အတိုင်းပဲ တကယ်လို့ ကျွန်တော်တို့ ဒီအတိုင်းလုပ်မယ်ဆိုရင်လည်း အဆင်ပြေနိုင်ပါတယ်၊ ဒါပေမယ့် မြေရှားသံလိုက်တွေရဲ့အခြေအနေအရ ကျွန်တော်တို့က သူတို့ အပေါ်မှာ ကြီးမားတဲ့ စွမ်းအားရှိသလို သူတို့ကလည်း ကျွန်တော်တို့အပေါ်မှာ တန်ခိုးတချို့ရှိတယ်” လို့ ပြောခဲ့ပါတယ်။
အကျယ်တဝင့်မပြောပေမယ့် ထရမ့်ပ် ညကထပ်လောင်းပြောသွားခဲ့ရာမှာ “ကျွန်တော်တို့မှာက မယုံနိုင်စရာကောင်းလောက်အောင် နိုင်ဖဲလို့ဆိုရမယ့် အကွက်တွေရှိနေတာပဲ။ ဒါပေမယ့် အဲဒီအကွက်တွေကို ကျွန်တော်မကစားချင်ပါဘူး။ ဒီအကွက်တွေကို ကစားရင် အဲဒါက တရုတ်နိုင်ငံကို ဒုက္ခရောက်အောင် ဖျက်ဆီးပစ်ရာလည်းရောက်လိမ့်မယ်” လို့ ဆိုသွားခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ မြေရှားသတ္တုကိစ္စနဲ့ပတ်သက်လို့ ဆတ်ဆတ်ထိမခံဖြစ်မှု တိုးမြင့်လာတာနဲ့အတူ ထောက်ပံ့ရေးအပေါ် ထိန်းချုပ်မှုအပေါ် ပိုမိုအကဲဆတ်လာကာ အမေရိကန်သို့တင်ပို့နေတဲ့ မြေရှားသတ္တုပစ္စည်းတချို့နဲ့ သံလိုက်အမြောက်အမြားကို ဧပြီလမှာ တရုတ်နိုင်ငံရဲ့ကန့်သတ်ပို့ကုန် စာရင်းမှာ ထည့်သွင်းပြီး အမေရိကန်အစိုးရရဲ့ ကုန်သွယ်စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံမှုကို လက်တုံ့ပြန်ကာ အမေရိကန်ကို မြေရှားသတ္တုတွေပေးပို့မှုကို ထိန်းချုပ်ခဲ့တာပါပဲ။
ထရမ့်ပ်ရဲ့ အခုလို နောက်ဆုံးပြောကြားခဲ့တဲ့ မှတ်ချက်က ဩဂုတ်လ အစောပိုင်းမှာတုန်းက တရုတ်နိုင်ငံအပေါ် စည်းကြပ်ခွန်အသစ်တွေ တိုးမြှင့်ကောက်ခံဖို့အတွက် နောက်ထပ် ရက်ပေါင်း ၉၀ ဆိုင်းငံ့ပြီး ချစ်ကြည်ရင်းနှီးတဲ့ဆက်ဆံမှုပြသခဲ့တဲ့ သဘောထားနဲ့တော့ ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ ဆိုရမှာပါ။
အိန္ဒိယနဲ့ ဘရာဇီးတို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ လုံခြုံရေးမဟာမိတ်တွေအပေါ် မှာတောင် မြင့်မားတဲ့ အခွန်စည်းကြပ်မှုတွေ ပြုလုပ်နေချိန်မှာ ထရမ့်ပ်အစိုးရအနေနဲ့ တရုတ်နိုင်ငံအပေါ်မှာတော့ သူ့ရဲ့လေလုံး၊ စကားလုံးတွေနဲ့သာ တိုက်ခိုက်မှုပြုနေတာလို့ ဆိုရမလိုလည်းဖြစ်ပါတယ်။ ဒါပေမယ့် ထရမ့်ပ်ရဲ့ ဩဂုတ်လ ၂၅ ရက်မှာပြောခဲ့တဲ့ မှတ်ချက်စကားကြောင့် ကုန်သွယ်စည်းကြပ်ခွန်ခြိမ်းခြောက်မှုရှိနေသေးတယ်ဆိုတာ ဖော်ပြမှုအနေနဲ့လည်း တရုတ်အစိုးရက အဓိပ္ပာယ်ဖွင့်နိုင်မှာပါ။
ကမ္ဘာ့စီးပွားရေးအင်အား အကြီးဆုံး နိုင်ငံနှစ်နိုင်ငံဟာ ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပေါ်မလာစေဖို့ မေလကစလို့ သဘောတူညီခဲ့ကြတာပါ။ ဒီမှာကုန်သွယ်ရေးအတွက် အခြေခံကျတဲ့ သဘောထားမှတ်ချက်ကို ရှာဖွေဖို့အပြင် အမေရိကအတွက် မြေရှားသတ္တုထောက်ပံ့ရေးနဲ့ တရုတ်ရဲ့အဆင့်မြင့် ဉာဏ်ရည်တုနည်းပညာချစ်ပ်တွေကို အမေရိကန်ပြည်ထောင်စုမှ အသုံးပြုခွင့်ရရှိရေးအပါအဝင် အခြားကိစ္စရပ်တွေမှာ တိုးတက်မှုရရှိရေး ဆက်လက်လုပ်ဆောင်ဖို့ကို သဘောတူညီခဲ့ကြတာပါ။
ပိုလို့ အပြုသဘောဆောင်တဲ့ မှတ်ချက်တစ်ခုအနေနဲ့တော့ တရုတ်ကျောင်းသားတွေဟာ အမေရိကန်ကို ဘွဲ့ဒီဂရီတွေရယူဖို့ လာရောက်ကျောင်းတက်နိုင်တယ်လို့ သမ္မတထရမ့်ပ်က ပြောခဲ့တာပါပဲ။ အမေရိကန်ပြည်ထောင်စုမှာ တရုတ်နိုင်ငံက ကျောင်းသား ၆၀၀,၀၀၀ ခန့် လာရောက် ကျောင်းတက်နေတယ်လို့ သိရပါတယ်။
ဩဂုတ်လ ၂၅ ရက်မှာပဲ သမ္မတထရမ့်ပ်က တရုတ်နိုင်ငံကို သူသွားရောက်လည်ပတ်ဖို့ အစီအစဉ်ကို ထပ်မံအတည်ပြုခဲ့ပါတယ်။ သူနဲ့ တရုတ်သမ္မတ ရှီကျင့်ဖိန်တို့အကြား သိပ်မကြာသေးခင်က ဆက်သွယ်ပြောကြားခဲ့ကြတယ်ဆိုတာ ထရမ့်ပ်က ပြောခဲ့ပြီး ဒီနှစ်ထဲမှာ ဒါမှမဟုတ် ဒီထက်နည်းနည်းလောက်ပဲနောက်ကျပြီး တရုတ်နိုင်ငံကို သွားရောက်လည်ပတ်ဖြစ်မှာပါလို့ ဆိုခဲ့ပါတယ်။
သမ္မတနှစ်ဦးဟာ ဇွန်လအစောပိုင်းက ဖုန်းနဲ့ဆက်သွယ်စကားပြောခဲ့ကြတာပါ။ သမ္မတနှစ်ဦးက ကုန်သွယ်ရေး ညှိနှိုင်းဆွေးနွေးပွဲတွေလုပ်ဖို့၊ အမေရိကန်ရောက် တရုတ်ကျောင်းသားတွေကိစ္စနဲ့ နိုင်ငံတွေကို လာရောက်လည်ပတ်ဖို့ အပြန်အလှန်ဖိတ်ကြားမှုတွေပါ ပြုလုပ်ခဲ့ကြတာပါ။
သမ္မတထရမ့်ပ်က “ကျွန်တော်တို့အနေနဲ့ တရုတ်နိုင်ငံနဲ့ လက်တွဲသွားမှာပါ။ ဒါဟာ ကျွန်တော်တို့ရဲ့ တရုတ်နိုင်ငံနဲ့ပတ်သက်လို့ ကွဲပြားခြားနားတဲ့ဆက်ဆံရေးလည်းဖြစ်တယ်။ အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒန်နဲ့ အရင်ကထက် စီးပွားရေးအရ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုလို့လည်းဆိုရမှာပါ” လို့ နောက်ဆုံးပြောသွားခဲ့ပါတယ်။
Ref -SCMP
