
၂၆.၈.၂၀၂၅
Written by Hey Mar
မွေးကင်းစ သမီးမိန်းကလေးတစ်ဦးရဲ့ရုပ်အလောင်းပါတဲ့ ကြွပ်ကြွပ်အိတ်အမည်းတစ်လုံးကို ပလုံကောက်တဲ့ ကလေးငယ်ကတစ်သိုက်က တွေ့ရှိဖွင့်ကြည့်ရာက မြင်တွေ့လို့ လူမှုကူညီရေးအသင်းထံ အကြောင်းကြားပေးခဲ့တဲ့ဖြစ်စဉ် မနေ့က ဩဂုတ် ၂၅ ရက် ညနေပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ ကလွင်ရပ်၊ ဟိန္ဒူသုသာန်နံဘေးလမ်း၊ ရေမြောင်းအတွင်းမှာ ကြွပ်ကြွပ်အိတ်အမည်းတစ်ထုပ်ကိုတွေ့လို့ ပလုံကောက်တဲ့ ကလေးတစ်သိုက်က ဆယ်ယူဖွင့်ကြည့်ကြရာ ထမီနဲ့ ထုပ်ပြီး ပတ်ထားတဲ့ အချင်းအိတ်တန်းလန်းနဲ့ ကလေးအလောင်းကို တွေ့ရှိပြီး ဝဋံသက လူမှုကူညီရေးအသင်းကို လာရောက်အကြောင်းကြား ခေါ်ဆောင်တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ အသင်းဆီ အလောင်းတွေ့တယ်ဆိုပြီး လာခေါ်တာကလည်း ကလေးတွေပဲ။ လေးငါးနှစ်နဲ့ ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်လေးတွေ။သက်ဆိုင်ရာနဲ့အတူ အဲ့ဒီနေရာကိုရောက်တော့ အလောင်းကို တာဝန်ရှိသူတွေက စစ်ဆေးကြတယ်။ ပြီးတော့ ကျွန်တော်တို့ အသင်းက အလောင်းသယ်ပြီး သင်္ဂြိုဟ်ပေးခဲ့တယ် ခင်ဗျ။ အလောင်းကို ကိုင်တွယ်တဲ့အခါ ပျော့ပျော့ ပျောင်းပျောင်းပဲမို့ ပစ်ထားတာ မကြာခင် လူတွေ့တယ်ပဲ ဆိုရမှာပေါ့” လို့ ဝဋံသက လူမှူကူညီရေး အသင်းထံ MT News က ဆက်သွယ်မေးမြန်းရာမှာ ပြန်လည်ဖြေကြားပါတယ်။
စွန့်ပစ်သွားတဲ့ ကွယ်လွန်သူပိုင်ရှင်မဲ့ မွေးကင်းစမိန်းကလေးရဲ့ နာရေးကို ကလွင်ဘာသာစုံသုသာန်ဆီ ဝဋံသကနာရေးကူညီမှုအသင်းက လိုက်ပါပို့ ဆောင် သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက်နေ့တုန်းကလည်း မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့လေဆိပ်သွားတဲ့ လမ်းဘေးခြုံထဲမှာ သားယောက်ျားလေးတစ်ဦးကို မွေးဖွားစွန့်ပစ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။ အဆိုပါ ကလေးငယ်ကတော့ အသက်ရှင်လျက် ကျန်းမာရေးကောင်းမွန်ကာ ကူညီစောင့်ရှောက်မှု ခံယူလျက်ရှိတယ်လို့လည်း သိရပါတယ်။
