
၂၆. ၈. ၂၀၂၅
Written by Nyein Kyaw
၂၀၂၅ ရွေးကောက်ပွဲအား FPTP နှင့် PR စနစ် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP)တို့ဖြင့် ဆောင်ရွက်မည်ဖြစ်သော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်သည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းအတွက်သည် ယခင်လွှတ်တော် သက်တမ်းနှစ်ဆက်ကဲ့သို့ပင် ပြည်သူ့လွှတ်တော်အတွက် ၁၁၀ ဦးနှင့် အမျိုးသားလွှတ်တော်အတွက် ၅၆ ဦးတို့ဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင် (UEC) က ယနေ့တွင် ဖြေကြားထားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အလိုက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်သည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ ၂၅ ရာခိုင်နှုန်းရှိသည့်အနက် ပြီးခဲ့သည့် လွှတ်တော်သက်တမ်း နှစ်ဆက်လုံးတွင် ပြည်သူ့လွှတ်တော်၌ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦးနှင့် အမျိုးသားလွှတ်တော်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၅၆ ဦးတို့ တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။
ယခု ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲတွင် လွှတ်တော်ရွေးကောက်ပွဲများကို နိုင်သူအကုန်ယူ (FPTP) နှင့် PR စနစ် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP)တိုဖြင့် ဆောင်ရွက်မည်ဖြစ်သည်။
ထို့ကြောင့် လွှတ်တော်နှစ်ရပ်ပေါင်းတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ ၂၅ ရာခိုင်နှုန်းသည် ပြည်ထောင်စုလွှတ်တော်တစ်ခုလုံးတွင် တက်ရောက်ရမည့် လွှတ်တော်ကိုယ်စားလှယ်အရေအတွက် စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းဖြင့် တွက်ချက်မည်လား သို့မဟုတ် ပြည်ထောင်စုလွှတ်တော်တွင် ရှိသည့်လွှတ်တော်ကိုယ်စားလှယ်ထိုင်ခုံအားလုံး၏ ၂၅ ရာခိုင်နှုန်းဖြင့် တွက်ချက်မည်လားဟု မီဒီယာများ၏ မေးမြန်းမှုအပေါ် UEC က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
UEC ၏ ဖြေကြားချက် အပြည့်အစုံမှာ “ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၄ အရ ပြည်ထောင်စုလွှတ်တော်ကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် လွှတ်တော် ၂ ရပ်ဖြင့် ဖွဲ့စည်းခြင်းဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၀၉ အရ ပြည်သူ့လွှတ်တော်ဖွဲ့စည်းရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် ၁၁၀ ဦး ထက်မပိုသော တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကိုလည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၁၄၁ အရ အမျိုးသားလွှတ်တော်ဖွဲ့စည်းရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်း တင်သွင်းသည့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၅၆ ဦးကိုလည်းကောင်း ပါဝင်ဖွဲ့စည်းရမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၄ ၊ ၁၀၉ နဲ့ ၁၄၁ ပြဋ္ဌာန်းချက်များတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အရေအတွက် အတိအကျဖော်ပြထားပါတယ်” ဟု ဖြေကြားခဲ့ခြင်းဖြစ်သည်။
