
နေမိုး
၂၆. ၈. ၂၀၂၅
ပြီးခဲ့တဲ့ ဩဂုတ် ၂၃ ရက်မှာ ရခိုင်အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် AA စစ်ဦးစီးချုပ်ထွန်းမြတ်နိုင် သွားရောက်ခဲ့တဲ့ ကျောက်ခုတ်ရွာကို ဒီနေ့လယ် ၃ နာရီလောက်မှာ လေကြောင်းတိုက်ခိုက် ဗုံးကြဲလိုက်ပါတယ်။
ထွန်းမြတ်နိုင်ရောက်သွားလို့ ဗုံးကြဲခံရတဲ့ ကျောက်ခုတ်ရွာနဲ့ပတ်သက်ပြီး ရခိုင်လူမျိုးတွေက ကျောက်ခုတ်ရွာကို အပြစ်တင်နေကြသလို တချို့ကလည်း ထွန်းမြတ်နိုင် မြေပြင်ဆင်းပြီး ရခိုင်ရွာတွေမှာ ပထမဆုံး လိုက်တွေ့တဲ့ပုံကိုရိုက်ပြီး ရခိုင်ပြည်သူလူထုနဲ့တွေ့တယ်လို့ ဝါဒဖြန့်တဲ့ပုံတွေကို AA လက်နက်ကိုင်တွေကပဲရိုက်သွားတာမို့လို့ အသိဉာဏ်နည်းတာက AA တွေကိုယ်တိုင်ပါလို့ ဝေဖန်နေပါတယ်။

ထွန်းမြတ်နိုင် ကျောက်ခုတ်ရွာကိုသွားတဲ့ဖြစ်စဥ်ဟာ ဩဂုတ် ၂၃ ရက်ကဖြစ်ပြီး ရခိုင်က ကလေးတွေနဲ့ အမျိုးသမီး ၄၀ ခန့်ကို ရခိုင်ပြည်သူလူထုလို့ အမည်တပ် တွေ့ဆုံမှုကို ရခိုင်မီဒီယာတချို့နဲ့ Lay Waddy FM က ဖော်ပြခဲ့ပေမယ့် ရခိုင်တွေကိုယ်တိုင် ဆဲဆိုမှုကြောင့် ပြန်ဖျက်သွားခဲ့ပါတယ်။
Lay Waddy FM က ဖော်ပြခဲ့တဲ့ ထွန်းမြတ်နိုင်တွေ့သူ ရခိုင်ပြည်သူလူထုဆိုတာဟာ ကလေး အယောက် ၂၀ ဝန်းကျင်၊ လူငယ်အမျိုးသားတစ်ယောက်နဲ့ သက်ကြီးပိုင်းတွေပါတဲ့ အမျိုးသမီး အယောက် ၂၀ လောက်သာရှိသလို နောက်ခံပုံရိပ်မှာလည်း ကျောက်ခုတ်ဆိုတဲ့စာတန်းနဲ့ လမ်းနာမည်ပေါ်နေတာကြောင့် ထွန်းမြတ်နိုင်ရောက်နေတာဟာ စစ်တွေခရိုင်၊ မင်းပြားမြို့နယ်၊ သာယာကုန်းရွာအုပ်စုက ကျောက်ခုတ်ရွာ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပြီး ဒီနေ့ ဗုံးကြဲခံရအပြီးမှာတော့ ထွန်းမြတ်နိုင် မြေပြင်ဆင်းခဲ့တဲ့နေရာဟာ မင်းပြားက ကျောက်ခုတ်ရွာအတိအကျဖြစ်တယ်လို့ ရခိုင်လက်နက်ကိုင်တွေက ဝန်ခံခဲ့ပါတယ်။

ဒီလိုမျိုး ထွန်းမြတ်နိုင်ရောက်နေတဲ့နေရာကို ခန့်မှန်းနိုင်တဲ့ပုံတွေ Lay Waddy FM က ဖော်ပြအပြီး ထွန်းမြတ်နိုင်ရဲ့ ဇနီးဆိုသူ Mrat Shaun အကောင့်သုံးစွဲသူက “အင်တန်ချေ အလိမ္မာနည်းရေကာ လေးဝတီလေး”လို့ ဩဂုတ် ၂၃ ရက်မှာ မှတ်ချက်ပြုခဲ့သလို ULA/AA မထုတ်ပြန်တဲ့ပုံတွေ မတင်ကြဖို့ ပို့စ်ကို Share ခဲ့သလို ထွန်းမြတ်နိုင်ကိုယ်တိုင် ပထမဆုံး ဆင်းလာတွေ့တာကို မိန်းမနဲ့ကလေး အယောက် ၄၀ လောက်ပဲရှိလို့ “ရခိုင်လူငယ်တွေက စစ်ပွဲမှာကုန်ပြီ။ ဒီတစ်ခါ မိန်းမတွေနဲ့ ကလေးတွေအလှည့်” လို့လှောင်ပြောင်နေကြတာလည်း တွေ့ရပါတယ်။
ဒါ့အပြင် ထွန်းမြတ်နိုင် ရခိုင်မြေကို လေးနှစ်ကျော်အတွင်း တစ်ကြိမ်ပဲလာတာကို တစ်ကြိမ်ဖော်ပြခံရ၊ ဗုံးကြဲခံရတာနဲ့ပတ်သက်ပြီး ထွန်းမြတ်နိုင်မိန်းမက “ဖတ်ကြည့်ကတ်ပါ။ အမှားထဲက သင်ခန်းစာယူနိုင်ကတ်ပါစီ”လို့ ဒီနေ့ ထပ်မံမျှဝေထားတာ တွေ့ရပါတယ်။

ကျောက်ခုတ်ရွာကို ထွန်းမြတ်နိုင်ဆင်းတွေ့တဲ့ ဩဂုတ် ၂၃ ရက်ပုံတွေ ပျံ့နှံ့အပြီးမှာ ထွန်းမြတ်နိုင် ထပ်မံရောက်ရှိနေတယ်ဆိုတဲ့ မြောက်ဦး၊ ဒိုင်းကျီရပ်ကွက်ကို ဩဂုတ် ၂၅ ရက် ညသန်းခေါင်မှာ ဗုံးကြဲလို့ AA စစ်သားအဆောင်ပေါ်ကျပြီး အရွယ်ကောင်းအမျိုးသား ၁၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့သလို ၂၀ ဒဏ်ရာရခဲ့ပါတယ်။ ကျောက်ခုတ်ရွာဗုံးကြဲမှုမှာတော့ နှစ်ကြိမ်ကြဲခဲ့တယ်လို့ သိရသလို ထွန်းမြတ်နိုင်လာတာကြောင့် ဗုံးကြဲခံရမှာ ကျောက်ခုတ်ဒေသခံတွေ ကြိုသိ တိမ်းရှောင်သွားလို့ ထိခိုက်သူမရှိဘူးလို့ ကနဦး သိရှိရပေမဲ့ အသေးစိတ်အခြေအနေကိုတော့ MT News က ဆက်လက် စုံစမ်းနေပါတယ်။
မြောက်ဦးက ဒိုင်းကျီ၊ မင်းပြားက ကျောက်ခုတ်တို့အပြင် ကျောက်ဖြူက ဂေါ်တူရွာ၊ ပေါက်တော တောင်ညိုကားလမ်း၊ သပိတ်တောင်၊ ပုဏ္ဏားကျွန်းနဲ့ ရခိုင်အခေါ် ကပ်စင်ကျွန်းနေရာတွေကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့တယ်သိရလို့ အသေးစိတ်ဆက်လက်စုံစမ်းနေပြီး ရခိုင်ဒေသခံတချိုကတော့ ကျောက်ခုတ်မှာလည်း လူ ၂၀ သေဆုံးတယ်ပြောဆိုနေပါတယ်။
