




၂၆.၈.၂၀၂၅
Written By Thandar
လူစွမ်းကောင်းရုပ်ရှင်ထုတ်လုပ်ရေးက ပျော်ရွှင်စရာ ဟာသဇာတ်လမ်းပုံစံ “ပွဲ”ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ယနေ့ ဩဂုတ်လ ၂၆ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော့်အနေနဲ့ ဒီဇာတ်ကားမှာ ထွန်းသီဆိုတဲ့ LGBT ကာရိုက်တာနဲ့ ပါဝင်ထားတာပါ။ ရွာက ထန်းတောတွေကို ဦးလေးနဲ့ထားခဲ့ပြီး မြို့တက်အလုပ်ကြိုးစားပြီး ပိုက်ဆံတွေစုပြီး ခွဲစိတ်ပြုပြင်ခဲ့တယ်ပေါ့။ အဲဒီအိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကိုမြင့်မြတ်၊ ကိုကျော်ကျော်ဗိုနဲ့ နော်ဖောတို့နဲ့အတူ မြို့တက်လာတယ်။ ဒီကြားထဲ ဂယက်ပေါင်း သောင်းခြောက်ထောင်နဲ့ ဟာသပုံစံလေးမြင်တွေ့ရမှာပါ”လို့ သရုပ်ဆောင် ညီထွဋ်ခေါင်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း ဒီဒီထက်အောင်၊ ဇာတ်ညွှန်း ဒီဒီထက်အောင်၊ မင်းကိုစိုး(နတ်သံကွင်း)၊ တွဲဖက်ဒါရိုက်တာ နေလင်း၊ ဒါရိုက်တာ အကယ်ဒမီကိုဇော်(အရုဏ်ဦး)က သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ မြင့်မြတ်၊ အကယ်ဒမီ ကျော်ကျော်ဗို၊ ညီထွဋ်ခေါင်၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ နော်ဖောအယ်ထား၊ ယမုံမြင့်မြတ်၊ ခင်လှိုင်၊ ဇော်ဝင်းနိုင်(မန်း)၊ ဆင်မ၊ ဇင်မျိုး၊ သွက်လက်၊ စူပါလင်းနဲ့ စသူတွေနဲ့ ရိုက်ကူးထားပြီး လာမယ့် ဩဂုတ်လ၂၉ ရက်က စ မြန်မာ တစ်ပြည်လုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
