၂၆. ၈. ၂၀၂၅
Translated by Thettant
အစ္စရေး၏ နှစ်ကြိမ်ဆင့်တိုက်ခိုက်မှုကြောင့် ဂါဇာတောင်ပိုင်းရှိ ခန်ယွန်းနစ်မြို့မှ နပ်စ်ဆာဆေးရုံတွင် နိုင်ငံတကာသတင်းဌာနများအတွက် အလုပ်လုပ်နေသည့် သတင်းထောက် ငါးဦးအပါအဝင် အနည်းဆုံး လူ ၂၀ ဦး သေဆုံးခဲ့ကြောင်း ဂါဇာရှိ ဟားမားစ်အစိုးရလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
သေဆုံးခဲ့သည့် သတင်းထောက်များသည် Reuters၊ AP၊ Al Jazeera၊ Middle East Eye တို့နှင့် အလုပ်လုပ်ခဲ့ကြောင်း သက်ဆိုင်ရာသတင်းဌာနများက အတည်ပြုခဲ့သည်။
ထို့အတူ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲကလည်း ကျန်းမာရေးလုပ်သားလေးဦး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။
တိုက်ခိုက်မှု ဗီဒီယိုဖိုင်များတွင် ပထမအကြိမ်တိုက်ခိုက်မှုကြောင့် ထိခိုက်သူများကို ကူညီရန်ရောက်လာသည့် ကယ်ဆယ်ရေးသမားများအား ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့သည်ကို တွေ့ရသည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ရာဟုက ယင်းဖြစ်ရပ်ကို “ဝမ်းနည်းဖွယ်ရာ မတော်တဆမှု” ဟု ခေါ်ဆိုခဲ့ပြီး စစ်ဘက်ဆိုင်ရာ အာဏာပိုင်များက “စေ့စပ်သေချာစွာ စုံစမ်းစစ်ဆေးနေသည်” ဟု ပြောကြားခဲ့သည်။
ယခုနောက်ဆုံး သေဆုံးမှုများကြောင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စစ်ပွဲစတင်ချိန်မှစ၍ ဂါဇာတွင် သေဆုံးခဲ့ရသည့် သတင်းထောက်အရေအတွက်သည် ၂၀၀ နီးပါးအထိ မြင့်တက်လာခဲ့သည်။
သတင်းလွတ်လပ်ခွင့်ကို မြှင့်တင်ပေးသည့် ထိပ်တန်းအဖွဲ့အစည်းတစ်ခုဖြစ်သော သတင်းထောက်များ ကာကွယ်ရေးကော်မတီ (CPJ) ၏ မှတ်တမ်းများအရ ဂါဇာစစ်ပွဲသည် သတင်းထောက်များ အသေအပျောက်အများဆုံး ပဋိပက္ခဖြစ်သည်ဟု ဆိုသည်။ လွန်ခဲ့သည့် သုံးနှစ်တာကာလအတွင်း ကမ္ဘာတစ်ဝန်းတွင် သေဆုံးခဲ့ရသည့် သတင်းထောက်များထက် ယခုနှစ်နှစ်အတွင်း ဂါဇာတွင် သေဆုံးခဲ့ရသည့် သတင်းသမားများ ပိုမိုများပြားခဲ့သည်ဟုလည်း ဆိုသည်။
စစ်ပွဲစတင်ချိန်မှစ၍ နိုင်ငံတကာ သတင်းထောက်များကို အစ္စရေးက ဂါဇာကမ်းမြှောင်သို့ လွတ်လပ်စွာဝင်ရောက်ခွင့်ကို တားမြစ်ထားသည်။
အချို့သော သတင်းထောက်များကို အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ထိန်းချုပ်ထားသော ဝင်ရောက်ခွင့်ဖြင့် ဂါဇာသို့ ခေါ်ဆောင်သွားသော်လည်း နိုင်ငံတကာသတင်းဌာနများသည် ၎င်းတို့၏ ဂါဇာတွင် သတင်းယူမှုများအတွက် ဒေသခံသတင်းထောက်များကိုသာ အဓိကအားထားနေရသည်။
ယခုဖြစ်ပွားခဲ့သည့် တနင်္လာနေ့တိုက်ခိုက်မှုကို တွေ့မြင်ရသော ဗီဒီယိုဖိုင်တွင် ဂါဇာတောင်ပိုင်း၏ အဓိကဆေးရုံဖြစ်သော နပ်စ်ဆာဆေးရုံဝင်ပေါက်တွင် ဆရာဝန်တစ်ဦးက ပထမအကြိမ် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် သတင်းထောက်များကို သွေးစွန်းနေသော အဝတ်အစားများ ပြသနေသည်ကို တွေ့ရစဉ် ရုတ်တရက် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီး မှန်များ ကွဲသွားကာ လူများ ပြေးလွှားပုန်းခိုနေကြသည်ကို မြင်ရသည်။ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိထားသော လူတစ်ဦးသည် သူ့ကိုယ်သူ ဘေးကင်းရာ အကာအကွယ်ယူသွားသည်ကိုလည်း တွေ့ရသည်။
အခြားပြင်းထန်သော ဗီဒီယိုဖိုင်တစ်ခုကို al-Ghad TV ၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ရိုက်ကူးထားပြီး ယင်းဗီဒီယိုတွင် နပ်စ်ဆာဆေးရုံ၏ အပေါ်ဆုံးထပ်အနီးတွင် ပထမအကြိမ်တိုက်ခိုက်မှုကို ကူညီနေကြသော အရေးပေါ်လုပ်သားအများအပြားကို ပြသနေပြီး သတင်းထောက် အများအပြားကလည်း ထိုမြင်ကွင်းကို ရိုက်ကူးနေကြသည်။
ထို့နောက် ဒုတိယအကြိမ်တိုက်ခိုက်မှုက အရေးပေါ်လုပ်သားများနှင့် သတင်းထောက်များကို တိုက်ရိုက်ထိမှန်ခဲ့ပြီး မီးခိုးများနှင့် အပျက်အစီးများ လေထဲသို့ ပျံတက်သွားခဲ့ကာ ရုပ်အလောင်းတစ်လောင်းကိုလည်း နောက်ဆက်တွဲအခြေအနေတွင် မြင်တွေ့ရသည်။
Reuters သတင်းအေဂျင်စီက ၎င်း၏ ရုပ်သံသတင်းထောက် Husam al-Masri သည် သေဆုံးခဲ့သူများထဲတွင် ပါဝင်သည်ဟု ပြောကြားခဲ့သည်။ al-Masri သည် ခေါင်မိုးပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်မှုကို လုပ်ကိုင်နေစဉ် ပထမဆုံးတိုက်ခိုက်မှုဖြစ်ပွားချိန်၌ ၎င်း၏ ထုတ်လွှင့်မှု ရပ်တန့်သွားခဲ့သည်။ ဓာတ်ပုံဆရာအဖြစ် Reuters အတွက် ကန်ထရိုက်ဖြင့် အလုပ်လုပ်နေသည့် Hatem Khaled မှာမူ ဒုတိယအကြိမ်တိုက်ခိုက်မှုတွင် ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်သက်သေများ၏ အဆိုအရ သိရသည်။
အဆိုပါအေဂျင်စီက ၎င်းတို့သည် အလွန်စိတ်ထိခိုက်မိပြီး “ပိုမိုသော အချက်အလက်များကို အလျင်အမြန် ရှာဖွေနေသည်” ဟု ပြောကြားခဲ့သည်။
AP ကလည်း ၎င်းတို့အတွက် အလုပ်လုပ်နေသည့် အလွတ်တန်းသတင်းထောက် Mariam Dagga မှာလည်း သေဆုံးခဲ့သည်ဟု ဆိုသည်။ သတင်းအေဂျင်စီက အသက် ၃၃ နှစ်အရွယ် သူမ၏ သေဆုံးမှုအတွက် “အံ့အားသင့်ပြီး ဝမ်းနည်းမိကြောင်း” ပြောကြားခဲ့သည်။
အစ္စရေး၏ တနင်္လာနေ့တိုက်ခိုက်မှုအတွင်း အခြားသေဆုံးခဲ့သူများမှာ Al Jazeera မှ Mohammad Salama၊ Middle East Eye မှ အလွတ်တန်းသတင်းထောက် Ahmed Abu Aziz နှင့် ဓာတ်ပုံဆရာ Moaz Abu Taha တို့ဖြစ်သည်။ အမေရိကန် တီဗီကွန်ရက် NBC က Taha သည် ကနဦးသတင်းများတွင် ဖော်ပြခဲ့သကဲ့သို့ ၎င်းတို့အတွက် အလုပ်လုပ်ခြင်းမဟုတ်ကြောင်း ပြောကြားခဲ့ပြီး Reuters ကမူ Taha သည် Reuters အပါအဝင် သတင်းအဖွဲ့အစည်းများစွာနှင့် အလုပ်လုပ်ခဲ့သည်ဟု ဆိုသည်။
ဟားမားစ်အစိုးရလက်အောက်ခံ အရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးသည်လည်း သေဆုံးသူများထဲတွင် ပါဝင်သည်ဟု AFP သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ဗြိတိန်အခြေစိုက် ပရဟိတအဖွဲ့အစည်းဖြစ်သော Medical Aid for Palestinians မှ အစီအစဉ်အရာရှိ Hadil Abu Zaid က မီဒီယာများသို့ ပေးပို့သော ထုတ်ပြန်ချက်တွင် သူမသည် “ကျွန်မတို့ဘေးက ခွဲစိတ်ခန်းထဲ ပေါက်ကွဲသွားတဲ့အချိန်မှာ ကျွန်မက အထူးကြပ်မတ်ကုသဆောင်မှာ လုပ်ကိုင်နေပါတယ်” ဟု ပြောကြားခဲ့သည်။
“သေဆုံးသွားသူတွေနဲ့ ဒဏ်ရာရသူတွေဟာ နေရာတိုင်းမှာပါပဲ” ဟု သူမက ပြောကြားခဲ့ပြီး ထိုမြင်ကွင်းသည် “မခံမရပ်နိုင်အောင်” ဖြစ်ခဲ့သည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။ တိုက်ခိုက်မှုအတွက် ပြင်းထန်စွာ ရှုတ်ချမှုများ ရှိခဲ့သည်။
“ဒီနောက်ဆုံး ရက်စက်ကြမ်းကြုတ်တဲ့ သတ်ဖြတ်မှုတွေက ဒီရက်စက်ကြမ်းကြုတ်တဲ့ ပဋိပက္ခကြားထဲမှာ သူတို့ရဲ့ အရေးကြီးတဲ့ အလုပ်တွေကို လုပ်ဆောင်နေတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ သတင်းထောက်တွေ ရင်ဆိုင်နေရတဲ့ အလွန်အမင်း အန္တရာယ်တွေကို ပေါ်လွင်စေပါတယ်” ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres က ပြောကြားခဲ့သည်။
“ချက်ချင်း၊ ဘက်မလိုက်ဘဲ စုံစမ်းစစ်ဆေးမှု” အပြင် “ချက်ချင်းနှင့် အမြဲတမ်း အပစ်အခတ်ရပ်စဲရေး” ကိုလည်း သူက တောင်းဆိုခဲ့သည်။
ကုလသမဂ္ဂ၏ ပါလက်စတိုင်းဒုက္ခသည်အေဂျင်စီဖြစ်သော Unrwa ကို ဦးဆောင်နေသည့် Philippe Lazzarini က သတင်းထောက်များ ထပ်မံသေဆုံးမှုအပေါ် “ငတ်မွတ်မှုကြားမှာ တိတ်တဆိတ် သေဆုံးနေရတဲ့ ကလေးငယ်တွေအကြောင်း သတင်းပေးနေတဲ့ နောက်ဆုံးကျန်ရှိတဲ့ အသံတွေကို အသံတိတ်စေတဲ့လုပ်ရပ်” ဖြစ်သည်ဟု ဒေါသတကြီး ပြောကြားခဲ့သည်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Lammy ကလည်း သေဆုံးမှုဖြစ်စေသော တိုက်ခိုက်မှုအတွက် “ထိတ်လန့်မိသည်” ဟု ပြောကြားခဲ့ပြီး ပြင်သစ်သမ္မတ Emmanuel Macron ကမူ “သည်းမခံနိုင်စရာ” ဟု ခေါ်ဆိုခဲ့သည်။
ယမန်နေ့ တနင်္လာနေ့က တိုက်ခိုက်မှုသည် Al Shifa ဆေးရုံအနီးတွင် Al Jazeera မှ သတင်းထောက်လေးဦးအပါအဝင် သတင်းထောက်ခြောက်ဦး အစ္စရေး၏ ပစ်မှတ်ထားတိုက်ခိုက်မှုအတွင်း ဩဂုတ် ၁၀ ရက်က သေဆုံးခဲ့အပြီး နှစ်ပတ်အကြာတွင် ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဂါဇာရှိ ဟားမားစ်အစိုးရလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့သည့် လူ ၅၈ ဦး၏ ရုပ်အလောင်းများသည် ပြီးခဲ့သည့်ရက်အတွင်း ဂါဇာဆေးရုံများသို့ ရောက်ရှိလာခဲ့ပြီး ပျက်စီးသွားသည့် အဆောက်အအုံများ၏ အပျက်အစီးများအောက်တွင် ပိတ်မိနေသည့် ရုပ်အလောင်းများစွာကိုလည်း ထပ်မံရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။
အစားအသောက်အကူအညီများ ရယူရန် ကြိုးစားနေစဉ်အတွင်း လူ ၂၈ ဦး သေဆုံးခဲ့ကြောင်းလည်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဆေးရုံများတွင် အာဟာရချို့တဲ့မှုကြောင့် နောက်ထပ်သေဆုံးမှု ၁၁ ခုကိုလည်း မှတ်တမ်းတင်ခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပြီး ကလေးငယ်နှစ်ဦးလည်း ပါဝင်သည်။ ထို့ကြောင့် ယင်းသေဆုံးမှုအရေအတွက်သည် ကလေးငယ် ၁၁၇ ဦးအပါအဝင် စုစုပေါင်း ၃၀၀ သို့ ရောက်ရှိသွားခဲ့သည်။
စစ်ပွဲသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ဟားမားစ်က အစ္စရေးကို တိုက်ခိုက်မှုမှ စတင်ခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မှုတွင် လူ ၁,၂၀၀ ခန့် သေဆုံးခဲ့ကာ ၂၅၁ ဦးကို ဓားစာခံအဖြစ် ဂါဇာသို့ ခေါ်ဆောင်သွားခဲ့သည်။
ထို့အတွက် အစ္စရေးက အင်အားကြီးမားသော စစ်ရေးထိုးစစ်ဖြင့် တုံ့ပြန်ခဲ့ပြီး ယင်းစစ်ပွဲကြောင့် ပါလက်စတိုင်းလူမျိုး ၆၂,၇၄၄ ကျော် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက ယုံကြည်စိတ်ချရသည်ဟု ယူဆထားသည့် ကျန်းမာရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ သိရသည်။
Ref , BBC
