၂၇.၈.၂၀၂၅
Written by Thiri
စာချစာသင် ထေရ်အရှင် အစဉ်စောင့်ရှောက်ရေးဆိုတဲ့ ရည်မှန်းချက် ရည်ရွယ်ချက်နဲ့ ဆောင်ရွက်နေတဲ့ အနော်ရထာ ဖောင်ဒေးရှင်းရဲ့ ဆဋ္ဌမအကြိမ်မြောက် သာသနာ့အမွေခံယူပွဲကြီးကို လာမယ့် ဩဂုတ်လ ၃၁ ရက်နေ့မှာ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ကန်ရိပ်သာလမ်းရှိ Yangon Convention Center (YCC )မှာ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အနော်ရထာ ဖောင်ဒေးရှင်းကို (၂၀၁၇) ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ဆရာတော်ကြီး မစိုးရိမ်ဒေါက်တာဗုဒ္ဓပီယက ဥက္ကဋ္ဌအဖြစ် ဦးစီးဆောင်ရွက်နေတာဖြစ်ပါတယ်။ ဆရာတော်ဘုရားကြီးက ရန်ကုန်နဲ့ မန္တလေး ဧရိယာအတွင်းမှာရှိတဲ့ စာသင်တိုက်က စာသင်သားသာမဏေလေးတွေကို စိစစ်ရွေးချယ်ပြီး အခုလို သာသနာ့အမွေခံပွဲတွေ လုပ်ဆောင်ပေးနေတာလည်း ဖြစ်ပါတယ်။
အနော်ရထာဖောင်ဒေးရှင်းမှ ဥပါသိကာ ဒေါ်မိုးမဉ္ဇူသင်းက “စာသင်တိုက်တွေကို အလှူရှင်တွေက အမြောက်အများ လှူကြပေမယ့် အထူးသဖြင့် ပရိယတ္တိစာပေ သင်ယူနေတဲ့ ကိုရင်ငယ်လေးတွေကို ရင်အုပ်မကွာ စောင့်ရှောက်မှုကတော့ အင်မတန်ရှားပါတယ်။ ဥပမာ စိတ်ခွန်အားပေါ့နော်။ ကိုရင်လေးတွေ နေကောင်းရဲ့လား၊ ဘာလိုအပ်လဲ၊ သင်္ကန်းပရိက္ခရာမှ ဖူလုံရဲ့လား၊ စာမေးပွဲ ဖြေခါနီးတွေဆိုလည်း စာရေးကိရိယာ ပြည့်စုံရဲ့လားပေါ့။ ကိုယ့်တူ ကိုယ့်သားလေး အဆောင်နေကျောင်းသားတစ်ဦးလို အဆင်ပြေပြေရှိစေဖို ဂရုစိုက်ပေးစေချင်တဲ့ ပုံစံပါ။ ဒါကို ဆရာတော်ကြီးက အကောင်အထည်ဖော်ဆောင်ရွက်နေတာ”လို့ ရှင်းပြပါတယ်။
ဆရာတော်ဘုရားကြီးရဲ့ သံဃာရှိမှ သာသနာရှိမည်ဆိုတဲ့ ဆောင်ပုဒ်အတိုင်း စာသင်သားသံဃာလေးတွေ စာသင်သားသံဃာလေးတွေ သာသနာမှာ မွေ့ပျော်ပြီး တည်မြဲနေမှ သာသနာတော်ကြီးလည်း အဓွန့်ရှည်တည်တံ့နိုင်မှာဖြစ်ပါတယ်။ ကိုရင်ငယ်လေးတွေ အများစုက ဝေးလံခေါင်ဖျား အရပ်ဒေသကနေ စာသင်တိုက်တွေမှာ လာရောက်နေထိုင်ကြရတာဖြစ်သလို တစ်နှစ်နေလို တစ်ခါတောင် သူ့မိသားစုနဲ့ ပြန်လည်ဆုံတွေ့ရတဲ့ အခွင့်အရေးလည်း မရရှိကြရှာပါဘူး။ အကြောင်း အရင်းကတော့ ကိုရင့်ထံကို လာတွေ့နိုင်ဖို့ မိသားစုဝင်တွေမှာလည်း ငွေကြေးအဆင်မပြေကြတာကြောင့် ဖြစ်ပါတယ်။
“ဒါကြောင့်ပဲ အမတို့က ကိုရင်ငယ်လေးတွေအတွက် မိဘ ရင်ခွင်တစ်ခုလိုမျိုးလေး ဖန်တီးပေးချင်လို့ အခုလို သာသနာ့အမွေ ဆက်ခံပွဲဆိုပြီး လုပ်ဆောင်ပေးတာဖြစ်ပါတယ်။ ကိုယ်ဘယ်ကိုရင်၊ ဘယ်စာသင်သားကို တာဝန်ယူရမယ်ဆိုတာမျိုး ကြိုမသိရဘဲ ပွဲကျမှ မဲနှိုက်ရွေးချယ်လို ကိုယ်မဲပေါက်တဲ့ စာသင်သားကိုယ်တော်နဲ့ တွေ့ရမှာပါ။ သက်တော် ၇ နှစ် ၈ နှစ် အရွယ်ကလေးကနေ ဓမ္မာစရိယတန်းတွေအထိ ပါပါတယ်”လို့ အနော်ရထာ ဖောင်ဒေးရှင်းရဲ့ ဥပါသိကာ ဒေါ်မိုးမဉ္ဇူသင်းကရှင်းပြပါတယ်။
အခုလို သာသနာ့အမွေ ခံယူပွဲကို မန္တလေးမြို့မှာဆိုရင် ကျင်းပလာတာ ၁၂ ကြိမ်ရှိပြီဖြစ်ကာ ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်တာကလည်း အခုကျင်းပမယ့် အကြိမ်နဲ့ဆို ခြောက်ကြိမ်မြောက်ရှိပြီဖြစ်ပါတယ်။ ယခင် ကျင်းပတဲ့ အကြိမ်တွေတုန်းကတော့ သံဃာ အပါး နှစ်ရာကိုသာ အများဆုံး ပါဝင်ကျင်းပနိုင်ခဲ့ပြီး အခု (၆)ကြိမ်မြောက်မှာတော့ ရန်ကုန် ဧရိယာတွင်း စာသင်ကျောင်းတိုက်အသီးသီးကသံဃာ အပါး ၅၀၀ နဲ့ ကျင်းပသွားမှာလို့ သိရပါတယ်။ မိမိ သာသနာ့အမွေဆက်ခံခွင့် တာဝန်ယူရတဲ့ စာသင်သားကို ဆယ်နှစ်အထိ တာဝန်ယူပေးရမှာဖြစ်သလို တစ်နှစ်စာမှ ငွေကျပ် ၁၅၀၀၀၀ (တစ်သိန်း ငါးသောင်း ) သာ လှူဒါန်းကုသိုလ်ပြုပေးရမှာလည်း ဖြစ်ပါတယ်။ ဆရာတော်ကြီး မစိုးရိမ်ဒေါက်တာဗုဒ္ဓပီယရဲ့ အနော်ရထာဖောင်ဒေးရှင်းက ပြုလုပ်တဲ့ သာသနာ့အမွေခံယူပွဲကြီးကနေ လက်ရှိအချိန်ထိ စာချ/ စာသင်သံဃာ အပါး (၃၀၀၀) ကျော်ကို သာသနာ့အမွေခံများရှာဖွေပြီး စောင့်ရှောက်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။



