နေမိုး
၂၄. ၈. ၂၀၂၅
မြို့ရွာနယ်မြေလုယက်ဖျက်ဆီးကာ အိုးအိမ်ဖောက်ထွင်းခိုးယူမှုများဖြင့် နာမည်ပျက်ထွက်နေသော တအာင်းလက်နက်ကိုင် TNLA က နောင်ချိုမှ စစ်ရှုံးကာ ထွက်ပြေးရပြီးနောက် ကျောက်မဲကိုပါ ပြန်သိမ်းခံရမည်စိုးရိမ်လာသဖြင့် TNLA သိမ်းပိုက်ထားရာ ကျောက်မဲဘက်ခြမ်းရှိ ကမ္ဘာကျော်ဂုတ်ထိပ်တံတားကို မိုင်းခွဲ ဖျက်ဆီးလိုက်ကြသည်ဟု ဒေသတွင်း သတင်းများအရ သိရသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ပုံများအရ ရှမ်းဒေသ၏ ကမ္ဘာကျော်အမွေအနှစ်ဖြစ်သော ဂုတ်ထိပ်တံတားမှာ TNLA နယ်မြေလုယက်ထားရာ ကျောက်မဲဘက်ခြမ်းမရောက်မီ ချည်းကပ်တံတားအနီး ပျက်စီးနေသည်ကို တွေ့ရသည်။

“တပ်မတော်က နောင်ချို၊ ကျောက်မဲဒေသတွေကနေ ယာယီ ဆုတ်ခွာရချိန်မှာတောင် ဂုတ်တွင်းတံတားတို့၊ ဂုတ်ထိပ်တံတားတို့ ချိုးချတာမျိုး မလုပ်ခဲ့ဘူး။ အခု TNLA နောင်ချိုကနေ ထွက်ပြေးရတယ်။ ဂုတ်တွင်းတံတား ချိုးချသွားတယ်။ ကျောက်မဲကို တပ်မတော်က ထိုးစစ်ဆင်မယ်ဆိုတော့ သူတို့ဘက်မလာနိုင်အောင် ဂုတ်ထိပ်ကို ကျောက်မဲဘက်ခြမ်းမှာ ချိုးချတယ်။လက်နက်ကိုင်တွေထဲမှာ တော်တော် အသိဉာဏ်နည်းတဲ့ အဖွဲ့ပါ”ဟု နောင်ချိုဒေသခံတစ်ဦးက ပြောသည်။

TNLA နောင်ချိုမြို့မှ ဆုတ်ခွာခဲ့ရသည့် ဇူလိုင်လအတွင်းက ချိုးချခဲ့သော ဂုတ်တွင်းတံတားသစ်သည် ဖောက်ခွဲဖျက်ဆီးခံရသော တံတားဟောင်းအနီးတွင် အသစ်တည်ဆောက်ထားသော အလျားပေ ၂၁ဝ ရှိ သံကူကွန်ကရစ် အမျိုးအစား နှစ်လမ်းသွား တံတားအသစ်ဖြစ်ပြီး ကမ္ဘာကျော်ဂုတ်ထိပ်တံတားမှာမူ ၁၈၉၉ ခုနှစ်က တည်ဆောက်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တွင်ပြီးစီးခဲ့ကာ နှစ်ပေါင်း ၁၂၅ နှစ်အကြာတွင်မူ ကမ္ဘာ့အံ့ဖွယ်အဖြစ် လာရောက်လေ့လာသူများပြားခဲ့သည်။

ထိုသို့သော သမိုင်းအမွေအနှစ် ဂုတ်ထိပ်တံတားကို TNLA ချိုးချလိုက်မှုအပေါ် ပြည်ပပြေး Exile မီဒီယာများက ချိုးချသူမသိရှိကြောင်း၊ TNLA စွပ်စွဲခံနေရကြောင်း၊ တပ်မတော်က ထောက်ပို့မရတော့သဖြင့် သမိုင်းဝင်အမွေအနှစ်အဖြစ် ပုံဖော်နေခြင်းဖြစ်ကြောင်း ခုခံနေကြသည်။
