
၂၄. ၈. ၂၀၂၅
Written by Nay Moe
တပ်မတော်က ဒီးမော့ဆိုမြို့ကို ပြန်လည်သိမ်းပိုက်ရန် ထိုးစစ်ဆင်သည့် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့၊ ဒေါငံခါးတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ် (DMO Local PDF) တပ်ရင်း (၂) မှ ကယား PDF (၄)ဦး သေဆုံးခဲ့ကြောင်း DMO Local PDF တပ်ရင်း (၂)က ဝန်ခံထားသည်။
အဆိုပါ သေဆုံးမှုမှာ ပြီးခဲ့သည့် သြဂုတ်လ (၁၈)ရက်နေ့တွင် ဒီးမော့ဆိုမြို့၊ ဒေါငံခါးတိုက်ပွဲအတွင်း တပ်မတော်၏ ထိုးစစ်ကို ပြန်လည်ခုခံရင်း ထွက်ပြေးသည့်အချိန်တွင် DMO Local PDF တပ်ရင်း (၂) မှ ကယား PDF လေးဦးသေခဲ့ခြင်းဖြစ်သည်။

သေဆုံး ကယား PDF များမှာ အသက် (၂၁)နှစ်အရွယ်များဖြစ်သည့် တပ်စုမှူး အောင်သက်ကို၊ တပ်စုမှူး စောနီကဲထူး(ခ) ခွားစီ၊ တပ်စိပ်မှူး ခွန်းတီးယာနှင့် (၂၃) နှစ်အရွယ် အောင်လင်းဦးတို့ ဖြစ်သည်။
ဒီးမော့ဆိုမှ KNDF အပါအဝင် ကယားလက်နက်ကိုင်များ ဩဂုတ် ၁၈ ရက်တွင် ထွက်ပြေးပြီးနောက် တပ်မတော်က ဒီးမော့ဆိုမြို့ကို ဩဂုတ် ၁၉ ရက်တွင် အလုံးစုံသိမ်းခဲ့ပြီဖြစ်ကြောင်းနှင့် ကယားလက်နက်ကိုင် အလောင်း ၆ လောင်းရခဲ့ကြောင်း ထုတ်ပြန်ခဲ့သော်လည်း ဒီးမော့ဆို တပ်ရင်း (၂) မှ သေဆုံး ကယား PDF လေးဦးကိုမူ အလောင်းပြန်လည် ဆွဲထုတ်နိုင်သဖြင့် ထိုလေးဦးကို ဩဂုတ် ၁၉ နှင့် ၂၀ ရက်တွင် အလောင်းမြေချ အသုဘ ကျင်းပပေးခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လ (၁၈)ရက်နေ့ကလည်း ဒီးမော့ဆို တိုက်ပွဲအတွင်း DMO Local PDF တပ်ရင်း (၁)၏ တပ်စုမှူး ရဲဘော် ခူးရီကို သေဆုံးခဲ့သလို ဇူလိုင်လအတွင်းကလည်း ကယား PDF ၁၃ ဦး သေဆုံးခဲ့သည်ဟု PKPF က ပြောသည်။
