
၂၃. ၈. ၂၀၂၅
Written by Nay Moe
ကရင်ပြည်နယ်က လက်နက်ကိုင်တပ်ဖွဲ့အသီးသီးကို မကြာခဏဘက်ကူးပြောင်းနေသူ စောစလုံးကို DKBA က ဒီနေ့မှာ အပြီးအပိုင်ထုတ်ပယ်လိုက်ပြန်ပါတယ်။

စောစလုံးဟာ မူလက DKBA က စစ်ကြောင်းမှူး ဖြစ်ပြီး ၂၀၂၁ အရေးအခင်းအစမှာ KNDO ဆီ လူအင်အား ၂၀၀ လောက်နဲ့ ကွန်မန်ဒိုတပ်ရင်းမှူးအဖြစ် ခိုလှုံသွားခဲ့သလို KNDO က ထုတ်ပယ်ခံရချိန်မှာလည်း KTLA မှာ အထူးကွန်မန်ဒိုတပ်ရင်း တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးရာထူးယူခဲ့ပေမဲ့ စောစလုံးဟာ PDF တွေကို သတ်ဖြတ်မှု၊ ပခုက္ကူတပ်ရင်း (၁၀) တပ်ခွဲ (၂) က PDF တွေရဲ့ ဘတ်ငွေ ၁၇ သိန်းကို လက်နက်ဝယ်မယ်ဆိုပြီး လိမ်ယူခဲ့မှုတွေကြောင့် ၂၀၂၅ ဧပြီမှာ မူလတပ်ရင်း DKBA ဆီကို (က/၀၆၇၀)၊ ဒုတိယဗိုလ်မှူးကြီး အဖြစ်နဲ့ ပြန်ခိုလှုံလာပေမဲ့ ၄ လကျော်အကြာ ဒီနေ့မှာ ပြန်လည်ထုတ်ပယ်လိုက်ပြန်တာပါ။

“ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (D.K.B.A)၊ ဒုတိယစစ်ဦးစီးချုပ်လုံခြုံရေးတပ်ဖွဲ့တွင် တာဝန် ထမ်းဆောင်နေသော ပြန်တမ်းဝင်ကိုယ်ပိုင်အမှတ် (က/၀၆၇၀)၊ ဒုတိယဗိုလ်မှူးကြီး စောစလုံး သည် မိမိတို့ အဖွဲ့အစည်းမှချမှတ်ထားသော စစ်စည်းကမ်းပုဒ်မ(၂)အရ အထက်မှပေးအပ်သော တာဝန်များကိုကျေပွန်စွာ ထမ်းဆောင်ရန်ပျက်ကွက်ခြင်း၊ ပုဒ်မ (၁၃)နှင့်(၁၄)အရ မိမိအားပေးအပ်ထားသော တာဝန်ထက် ကျော်လွန်၍ လုပ်ဆောင်ခြင်း၊ ဆင့်ကဲတင်ပြရန်ပျက်ကွက်ခြင်း စသည့်စစ်စည်းကမ်းများအား လိုက်နာရန် ပျက်ကွက်ခဲ့ သည့်အတွက် ၎င်းအား ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(D.K.B.A) အဖွဲ့အစည်းမှ အပြီးအပိုင် ထုတ်ပယ်လိုက်သည်။”လို့ ထုတ်ပယ်စာမှာ တွေ့ရပေမဲ့ စောစလုံးဟာ ဘာပြစ်မှူကျူးလွန်ခဲ့တာလဲလို့ ဖော်ပြမှုမရှိတာ တွေ့ရပါတယ်။
