၂၃. ၈. ၂၀၂၅
Written by Thiri
မိမိတို့နိုင်ငံရဲ့ ပြဿနာဟာ ပြည်သူတွေရဲ့ ပြဿနာဆိုတာထက် ခေါင်းဆောင်မှု ပြဿနာက ပိုမိုလွှမ်းမိုးကြောင်း ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီတည်ထောင်ခြင်း ၇ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားမှာ ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။
ပြည်သူ့ပါတီ ခုနစ်နှစ်ပြည့်အခမ်းအနားကနေ ရှေ့ဆက်ပြီး ဆောင်ရွက်ရမယ့် ကိစ္စတွေထဲမှာ ဦးစားပေးအဖြစ်က ငြိမ်းချမ်းရေးကိစ္စဖြစ်ပြီး ငြိမ်းချမ်းရေးမရှိဘဲ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာတွေ မဆောင်ရွက်နိုင်ဘူးလို့ ဆိုပါတယ်။
လာမယ့် ရွေးကောက်ပွဲကာလမှာလည်း ခေတ်အဆက်ဆက်က ကြုံတွေ့ ဖြတ်ကျော်ခဲ့ရတဲ့ ရွေးကောက်ကာလတွေကလို ပြည်သူအားလုံး တက်တက်ကြွကြွပါဝင်တဲ့ ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေဖို့ နယ်ပယ်အသီးသီးက ခေါင်းဆောင်တွေက အမြော်အမြင်ရှိရှိနဲ့ ဆွေးနွေးညှိနှိုင်း ဖြေရှင်းနိုင်မယ်ဆိုပါက တချို့ အနိဌာရုံတွေ၊ အခက်အခဲတွေကို ကျော်လွှားနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဦးကိုကိုကြီးက နှစ်ပတ်လည်အခမ်းအနား အဖွင့်အမှာစကား ပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဦကိုကိုကြီးက “ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အတွေ့အကြုံ။ ၁၉၈၈ ပြီးတော့၊ ၁၉၉၀ ရွေးကောက်ပွဲကာလမှာလည်း ဒီလိုပဲ ရွေးကောက်ပွဲကို လက်ခံမလား၊ လက်မခံဘူးလားဆိုတာတွေ အငြင်းပွားခဲ့ကြတယ်။ အဲ့အချိန်တုန်းကတော့ ကြားဖြတ်အစိုးရ ရရှိရေးဆိုတဲ့ တောင်းဆိုချက်ကလည်း တစ်ဖက်က ရှိနေတယ်။ ရွေးကောက်ပွဲအခင်းအကျင်းကလည်း ရှိနေတယ်။ သို့သော် လက်တွေ့ကျကျနဲ့ ပြည်သူတွေ အားလုံးပူးပေါင်းပါဝင်နိုင်တဲ့ နည်းလမ်းကတော့ ရွေးကောက်ပွဲပဲဖြစ်တဲ့ အတွက် ပြည်သူတွေကလည်း ပူးပေါင်းပါဝင်ကြလို့ ဒီမိုကရေစီအင်အားစုတွေဘက်က အနိုင်ရခဲ့တယ်။ အဲ့ဒါ ဘာကြောင့်လဲဆိုရင် လူထုအားလုံး ပါဝင်နိုင်တဲ့ နည်းလမ်းကြောင့်။ အဲ့ဒီလိုပဲ ၂၀၁၀ မှာလည်း ရွေးကောက်ပွဲကို လက်ခံမလား လက်မခံဘူးလားအငြင်းပွားရင်းနဲ့ ၂၀၁၂၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲ အဆက်ဆက်မှာလည်း ပြည်သူတွေဘက်က တက်တက်ကြွကြွနဲ့ တာဝန်ကျေခဲ့ကြပါတယ်” လို့ ဆက်လက်ပြောကြားပါတယ်။
လက်နက်ကိုင်နည်းလမ်းနဲ့ ကြိုးပမ်းကြဖို့ နယ်မြေတွေ သိမ်းတယ်ဆိုပေမယ့် စစ်ရဲ့သဘောက အခိုက်အတန့်အားဖြင့် ဆုတ်ခွာပေးလိုက်ပေမယ့် နောက်တစ်ကြိမ်ပြန်လည် တိုက်ခိုက်ကြရင်း သံသရာလည်နေကြောင်း၊ လက်နက်ကိုင် ပဋိပက္ခ ကြီးထွားလာတာနဲ့အမျှ တပ်မတော်ရဲ့ အခန်းကဏ္ဍလည်းကြီးထွားလာနိုင်ကြောင်း၊ ယနေ့ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် စစ်ဘောင်ကျယ်လာတာနဲ့အမျှ နိုင်ငံရေးဘောင်က ကျဉ်းလာကြောင်းနဲ့ ဒီနေ့ ဒီအချိန်မှာ အခုလို ပါတီတွေ၊ ပါတီဝင်တွေ စုပေါင်းတွေ့ဆုံနိုင်ခြင်းကလည်း နိုင်ငံရေးဘောင် ပြန်ချဲ့ဖို့ ကြိုးစားနေခြင်းသာဖြစ်ကြောင်းလည်း ဦးကိုကိုကြီးက တာမွေမြို့နယ်က Sky Star ဟိုတယ်မှာ ဒီနေ့မနက်ကျင်းပခဲ့တဲ့ ပြည်သူ့ပါတီတည်ထောင်ခြင်း ၇ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။


