◾ ထိပ်သီးဆွေးနွေးပွဲအတွက် အစည်းအဝေးအစီအစဉ် အသင့်ရှိလျှင် ရုရှား သမ္မတက တက်ရောက်ရန် အသင့်ရှိဟုဆို
၂၃.၈.၂၀၂၅
Translated by Htwe Ko Tun
ရုရှားသမ္မတ ပူတင်နဲ့ ယူကရိန်းသမ္မတ ဇယ်လန်စကီးတို့အကြား တွေ့ဆုံဆွေးနွေးရေးအတွက် အစည်းအဝေးအစီအစဉ်ပြုလုပ်မထားသေးဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်က ဩဂုတ်လ ၂၂ ရက်မှာ ပြောကြားခဲ့အပြီးမှာတော့ ယူကရိန်းစစ်ပွဲပြီးဆုံးရေးအတွက် ရုရှားနဲ့ ယူကရိန်းခေါင်းဆောင်နှစ်ဦး ထိပ်သီးဆွေးနွေးပွဲပြုလုပ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ တွန်းအားပေးနေမှုအပေါ် သံသယစိတ်အသစ်တွေ ဖြစ်စေခဲ့ရပါတယ်။
ဆာဂျီလက်ဗ်ရော့ဗ်က “သမ္မတပူတင်အနေနဲ့တော့ ထိပ်သီးဆွေးနွေးပွဲအတွက် အစည်းအဝေးအစီအစဉ် အသင့်ရှိပြီဆိုရင် ဇယ်လန်စကီးနဲ့တွေ့ဖို့ အသင့်ရှိပါတယ်။ ဒီအစီအစဉ်က အခု အဆင်သင့်မဖြစ်သေးဘူးလေ” လို့ NBC News သတင်းဌာနရဲ့ “Meet the Press” အစီအစဉ်နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ရုရှားသမ္မတပူတင်တို့ အလက်စကာပြည်နယ်မှာတွေ့ဆုံခဲ့အပြီးမှာ ထရမ့်ပ်က ဇယ်လန်စကီးနဲ့ ဥရောပခေါင်းဆောင်တွေကိုလည်း ဝါရှင်တန်မှာ ထပ်မံတွေ့ဆုံအပြီးမှာတော့ အိမ်ဖြူတော်အနေနဲ့ ထိပ်သီးဆွေးနွေးပွဲကျင်းပနိုင်ဖို့ နေရာနဲ့ နေ့ရက်ကို သတ်မှတ်နိုင်ဖို့ကြိုးစားနေတာပါ။
ဒါပေမယ့် ရုရှားအစိုးရဘက်ကလည်း ခုလိုခေါင်းဆောင်တွေ တစ်ဦးချင်းထိပ်သီးဆွေးနွေးပွဲ ကျင်းပဖို့ သူ့ဖက်က အလျင်စလိုမရှိဘူးဆိုတာ အချက်ပြခဲ့ပါတယ်။ ဒါ့ပြင် ဩဂုတ်လ ၂၁ ရက်မှာတော့ အမေရိကန် အီလက်ထရွန်နစ် စီးပွားရေးလုပ်ငန်းတစ်ခုအပါအဝင် ယူကရိန်းနိုင်ငံတစ်ဝန်းက ပစ်မှတ်တွေကို ဦးတည်တဲ့ သူ့ရဲ့စစ်ပွဲအတွင်း အကြီးမားဆုံးသော လေကြောင်းတိုက်ခိုက်မှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါသေးတယ်။
ဆာဂျီလက်ဗ်ရော့ဗ်က “သမ္မတပူတင်ရဲ့စကားက ရှင်းပါတယ်။ ဒီအစည်းအဝေးမှာ ဆွေးနွေးပွဲအစီအစဉ်သာ ရှိပြီးပြီဆိုရင် သူက အစည်းအဝေးတက်ဖို့ အဆင်သင့်ပဲလို့ ဆိုတာပါ။ ယူကရိန်းအနေနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်အတွက် တိုးတက်မှုရရှိဖို့ကို အနှောင့်အယှက်ပြုနေသလိုပဲ” လို့ ပြောခဲ့ပါသေးတယ်။
သူက “ထရမ့်ပ်နဲ့ ပူတင်တို့ရဲ့ ဩဂုတ်လ ၁၅ ရက်က အလက်စကာမှာ ဆွေးနွေးပွဲမှာလည်း သဘောတူခဲ့ကြတာတွေရှိတယ်။ သမ္မတထရမ့်ပ်က ဒီကိစ္စတွေကို ဝါရှင်တန်အစည်းအဝေးမှာလည်း တင်ပြခဲ့တယ်။ ဒီမှာ ယူကရိန်းအနေနဲ့ ဘယ်တော့မှ နေတိုးအဖွဲ့ကိုမဝင်ရောက်ရေး၊ ပိုင်နက်နယ်မြေတွေကိစ္စ ဆွေးနွေးကြရေးတို့ ပါဝင်တာပေါ့။ ဒါပေမယ့် ဒါကို ဇယ်လန်စကီးက ငြင်းဆိုခဲ့တယ်လေ” လို့ပြောခဲ့ပါသေးတယ်။
ဇယ်လန်စကီးကလည်း ဩဂုတ်လ ၂၁ ရက်မှာတော့ ရုရှားဟာ ယူကရိန်းအပေါ် ကြီးမားတဲ့ တိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ စွပ်စွဲကာ အစည်းအဝေးတစ်ရပ်ကျင်းပဖို့ကနေ ရုန်းထွက်နိုင်ဖို့ ရုရှားက ကြိုးစားနေတယ်လို့ ပြောခဲ့ပါတယ်။ သူက ပူတင်နဲ့တွေ့ဆုံဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း အလေးပေးပြောခဲ့ပြီး တကယ်လို့ ပူတင်က ငြင်းဆိုမယ်ဆိုရင် ရုရှားအပေါ် ပိုမိုပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ စီးပွားရေးဖိအားပေးမှုအသစ်တွေ အပါအဝင် အမေရိကန်က ပြင်းထန်တဲ့ တုံ့ပြန်မှုကို ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ဩဂုတ်လ ၂၂ ရက်မှာတော့ ပူတင်က ထရမ့်ပ်ကို ချီးကျူးခဲ့ပြီး အမေရိကန်နဲ့ ရုရှားတို့ရဲ့ ဆက်ဆံရေးကို အပြည့်အဝ ပြန်လည်ထူထောင်ဖို့ ဖြစ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။
Ref- NBC News
