◾️ လက်ရှိတွင် ပို့ကုန်တင်ပို့သည့်ကုမ္ပဏီအချို့သည် အခြားအမည်ခံကုမ္ပဏီများက ပို့ကုန်တင်ပို့နေခြင်း၊ ပို့ကုန်ရငွေများ ဘဏ်စာရင်းလုပ်ငန်းစဉ်များ ရှင်းလင်းခြင်းမရှိခြင်းများ ဖြစ်ပေါ်နေ
၂၃. ၈. ၂၀၂၅
Written by Nyein Kyaw
ပို့ကုန်လုပ်ငန်းရှင်များ ပို့ကုန်ရငွေများပြန်လည်ဝင်ရောက်ရာတွင် မည့်သည့် ပို့ကုန်ကြေညာလွှာ (Export Declaration -ED) အတွက် ဝင်ရောက်ခြင်းဖြစ်သည်ကို ဘဏ်များသို့သွားရောက်၍ အမြန်ဆုံးစာရင်းရှင်းရန်အပါအဝင် အသိပေးချက် ၂၀ အား ယမန်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထာသည်။
ပို့ကုန်တင်ပို့သည့်ကုမ္ပဏီအချို့သည် ပို့ကုန်ဆိုင်ရာ နောက်ဆုံးအချက်အလက်များ (Update Information) ကို မသိရှိခြင်း၊ ပို့ကုန်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ Agent များနှင့် ကုမ္ပဏီ၏ ဝန်ထမ်းအချို့ကို အလုံးစုံလွှဲအပ်ထားသဖြင့် မိမိကုမ္ပဏီအမည်ခံ၍ အခြားကုမ္ပဏီက ပို့ကုန်တင်ပို့ထားခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။
ထို့ပြင် ပို့ကုန်ရငွေသည် ဘဏ်သို့ဝင်ရောက်ပြီးဖြစ်သော်လည်း ဘဏ်နှင့်စာရင်းရှင်းရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းခြင်းမရှိ၍ သတ်မှတ်ကာလအတွင်း ပို့ကုန်ဝင်ရောက်ရန် ကျန်ရှိသောစာရင်းတွင် ပါရှိသဖြင့် ကုမ္ပဏီနှင့် ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်များသည် အရေးယူခံရခြင်းနှင့် အမည်မည်းစာရင်း ထည့်သွင်းခံရခြင်းကိစ္စရပ်များ ဖြစ်ပေါ်လျက်ရှိနေခြင်းဖြစ်သည်။
ထို့ကြောင့် ပို့ကုန်တင်ပို့သူသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ Trade Net 2.0 မှတစ်ဆင့် ပို့ကုန်လိုင်စင်လျှောက်ထားရမည်ဖြစ်သည်။ အဆိုပါ ပို့ကုန်လိုင်စင်ရရှိပြီးပါက ပြည်ပကုန်ဝယ်သူနှင့် Sales Contract ချုပ်ဆိုမည်ဖြစ်သဖြင့် Sales Contract ချုပ်ဆိုပြီးပါက ဆိပ်ကမ်းမှ ကုန်ပစ္စည်းတင်ပို့သည့်အချိန်တွင် ပို့ကုန်လိုင်စင်၊ ကုန်ပစ္စည်း၊ Sales Contract ပါဈေးနှုန်း စသည်တို့အား စိစစ်ပြီးမှသာ အကောက်ခွန်ဦးစီးဌာနမှ ပို့ကုန်ကြေညာလွှာ (Export Declaration-ED) ကို ထုတ်ပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အကောက်ခွန်ဦးစီးဌာနမှ ED ထုတ်ပေးပြီးသည့်နောက် သင်္ဘောတင်သည့်အချိန်တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သက်ဆိုင်သည့်စာရွက်စာတမ်းများအား စိစစ်ပြီး သင်္ဘောတင်အထောက်အထား Bill of Lading (B/L) ကို ထုတ်ပေးမည်ဖြစ်သည်။ Bill of Lading (B/L) ထုတ်ပေးပြီးသည့်နောက် Sales Contract အရ ပြည်ပမှ ငွေကြိုလွှဲပေးခြင်းများရှိနိုင်ပြီး အဆိုပါ Sales Contract ပါပမာဏအတိုင်း အမှန်တကယ် ED ထွက်ရှိ၍ ကုန်ပစ္စည်းတင်ပို့ရမည်ဖြစ်သည်။
ပို့ကုန်တင်ပို့သူသည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ (FEML) ပုဒ်မ ၃၈-ခ၊ နိုင်ငံခြား သုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း (FEMR) အပိုဒ် ၃၅ နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၂၅-၁၂-၂ဝ၂၃) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၂၃ တို့အရ “အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ ရက်ပေါင်း ၃ဝ အတွင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ ရက်ပေါင်း ၆ဝ အတွင်း ပို့ကုန်တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် မပျက်မကွက် ထည့်သွင်းရမည်” ဟု ပြဋ္ဌာန်းထားသည်။
ပြန်လည်ဝင်ရောက်ခြင်းမရှိပါက FEML ပုဒ်မ ၄၂-က အရ တရားစွဲဆိုနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။
သို့ဖြစ်ပါ၍ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ကာလဖြစ်သည့် အာရှနိုင်ငံများသို့ ပို့ကုန်တင်ပို့လျှင် ရက်ပေါင်း ၃၀ အတွင်း၊ အာရှပြင်ပနိုင်ငံများသို့ တင်ပို့လျှင် ရက်ပေါင်း ၆၀ အတွင်း ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရမည်ဖြစ်ပြီး မည်သည့် ED အတွက် ပို့ကုန်ရငွေဖြစ်ကြောင်း ဘဏ်များသို့ သွားရောက်၍ အမြန်ဆုံးစာရင်းရှင်းလင်းရန် လိုအပ်ကြောင်းအပါအဝင် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်ရငွေနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်ပေါင်း ၂၀ ခုအား ထုတ်ပြန်အသိပေးထားခြင်းဖြစ်သည်။






