၂၃.၈.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့ အနောက်ဘက်ရှိ အဓိက အဝေးပြေးလမ်းမကြီးတစ်ခုအပေါ် မှာ ခရီးသည် ၅၀ ဦးတင်ဆောင်လာတဲ့ ခရီးသွားဘတ်စ်ကားတစ်စီးဟာ ဩဂုတ်လ ၂၂ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ ခန့်က အရှိန်မထိန်းသိမ်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ခဲ့ရာမှာ အနည်းဆုံး လူငါးဦးသေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ဘတ်စ်ကားက နိုင်ယာဂရာရေတံခွန်ကိုသွားရောက်ပြီး နယူးယော့ခ်မြို့ကို ပြန်လာခဲ့ကြတာပါ။ အကြောင်းရင်းကို မသိရပေမယ့် ဘတ်စ်ကားက အရှိန်နဲ့မောင်းနှင်လာစဉ် မထိန်းနိုင်ဖြစ်ကာ လမ်းဘေးမြောင်းထဲကို တိမ်းမှောက်ကျသွားခဲ့တာလို့ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။ ဒါပေမယ့် ဘတ်စ်ကားက တခြားမော်တော်ယာဉ်တွေကိုတော့ ဝင်ရောက်တိုက်မိတာ မရှိခဲ့ဘူးလို့ သိရပါတယ်။
အဆိုပါယာဉ်တိမ်းမှောက်မှုမှာ လူငါးဦးသေဆုံးခဲ့ရပေမယ့် ကလေးငယ်တွေတော့ ပါဝင်ခြင်းမရှိဘူးလို့ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။ ဘတ်စ်ကားပေါ်မှာ ကားကုမ္ပဏီဝန်ထမ်းနှစ်ဦးအပါအဝင် ၅၄ ဦး လိုက်ပါလာကြပြီး အသက် တစ်နှစ်မှ ၇၄ နှစ်အထိရှိကြတယ်ဆိုပါတယ်။ ကားကုမ္ပဏီအမည်က M&Y Tour Inc. ဖြစ်တယ်လို့လည်း သိရပါတယ်။
ဘတ်စ်ကားတိမ်းမှောက်မှုရဲ့ အကြောင်းရင်းကိုရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးဆဲဖြစ်ပေမယ့် စက်ပိုင်းဆိုင်ရာချွတ်ယွင်းမှုနဲ့ယာဉ်မောင်းရဲ့ စည်းကမ်းနဲ့မညီ မောင်းနှင်မှုတို့ကြောင့်တော့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ ယာဉ်မောင်းဖြစ်သူက ပူးပေါင်းလုပ်ဆောင်နေပြီး သူ့ကို အမှုဖွင့် အရေးယူထားတာတွေ မရှိဘူးလို့လည်း ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။
ဘတ်စ်ကားပေါ်မှာပါတဲ့ ခရီးသွားအများစုက အိန္ဒိယနိုင်ငံသား၊ တရုတ်နိုင်ငံသားတွေနဲ့ အမေရိကန်နိုင်ငံသားတွေဖြစ်ကြတယ်လို့လည်း သိရပါတယ်။
Ref- CBS News



