၂၃.၈.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဒရယ်ဘိုဆည်မြောင်းတွင် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦး ရေနစ်သေဆုံးမှု သြဂုတ်လ ၂၂ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူမှာ သရက်ကုန်း(၃)ရပ်ကွက်တွင် နေထိုင်သော ၇ တန်းကျောင်းသား မောင်စောမူးပိုင်ဖြစ်ပြီး ရေဆင်းကူးရာမှရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူ၏ရုပ်အလောင်းကို နေ့ချင်းပင် ဆယ်ယူနိုင်ခဲ့ပြီး ရဲတပ်ဖွဲ့က သေမှုသေခင်းအမှတ်စဥ် ရေးဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
အလားတူ သြဂုတ်လ ၂၁ ရက် ညနေပိုင်းကလည်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မြေနီကုန်းငါးကန်ထဲတွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့သဖြင့် ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များက ဆယ်ယူ၍ ရုပ်အလောင်းကို မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။





