၂၃.၈.၂၀၂၅
Written By Thandar
“အလွမ်းနေ့ရက်ရှည်”တေးသီချင်းနဲ့ ပရိသတ်အကြိုက်ကို တွေ့စေခဲ့တဲ့ အဆိုတော် မေစပယ်ညိုကတော့ ဂီတသက်တမ်း ၂၅ နှစ်တိုင် ဖြတ်သန်းနိုင်တာဟာ ပရိသတ်တွေရဲ့ မေတ္တာတွေ အားပေးမှုတွေကြောင့်ပါလို့ ဖွင့်ဟလာပါတယ်။
“အလွမ်းနေ့ရက်ရှည် သီချင်းကတော့ ပွဲတိုင်းလိုလို အတောင်းခံရတယ်။ တခြားမြူးတဲ့ သီချင်းလည်း သိပ်မရှိတော့လေ။ မိုးနဲ့အတူငိုနေမယ်ဆိုတဲ့ သီချင်းကတော့ အမြဲတမ်းတောင်းကြတာပါ။ ပရိသတ်က ဒီသီချင်းတွေကို ရိုးသွားတယ်ဆိုတာ မရှိဘူး။ ကိုယ်ဘယ်သွားသွား တောင်းကြတော့ ဆိုဖြစ်နေတာပေါ့။ တကယ်တော့ ကိုယ်က သီချင်းသစ်တွေကိုဆိုပြချင်တာပါ။ ၂၅ နှစ်အထိ ကိုယ်ဆိုနေနိုင်တာကလည်း ပရိသတ်ရဲ့မေတ္တာတွေ အားပေးမှုတွေကြောင့်ပါပဲ။ ကိုယ်စင်ပေါ်ရောက်လာတိုင်း အားပေးကြတဲ့ပရိသတ်ကို ကျေးဇူးတင်ပါတယ်။ ကိုယ့်သီချင်းတွေကို အမြဲတမ်းလိုက်ဆိုပေးနေကြတာမို့ ပရိသတ်တွေက တာဝန်ကျေပါတယ်”လို့ အဆိုတော် မေစပယ်ညိုကပြောပါတယ်။
သူကတော့ ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်နေအောင် Single Song လေးတွေ တစ်နှစ် ၂ ပုဒ်၊ ၃ ပုဒ်တော့ ထွက်နေသင့်ပေမယ့် မလုပ်ဖြစ်တဲ့အချိန်တွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။ မေစပယ်ညိုကတော့ တေးသီချင်းအသစ်တွေ ထုတ်သွားရမယ်ဆိုတာသိပေမယ့် သတ်လတ်ပိုင်းရောက်နေပြီးမို့ တခြားစီးပွားရေးလေးတွေ လုပ်ကိုင်နေရလို့ ဂီတဘက်မှာ လစ်ဟင်းသလိုဖြစ်သွားတယ်လို့ ဆိုပါတယ်။
မေစပယ်ညိုကတော့ ပြီးခဲ့တဲ့ လပိုင်းက တေးရေးဆရာ ခင်ဝမ်းရေးထားတဲ့ “မိုးတွေရွာ”ဆိုတဲ့ သီချင်းလေး ပြန်လည်သီဆိုပြီး ပရိသတ်အတွက် ဖြန်ချိခဲ့ပါတယ်။
#ဂီတသက်တမ်း၂၅နှစ် #အဆိုတော်မေစံပယ်ညို #MaySabalNyo #မေစံပယ်ညို #MyanmarSinger #အလွမ်းနေ့ရက်ရှည်


