၂၃. ၈. ၂၀၂၅
Written by Nyein Kyaw
သားသမီးမရသည့် ဇနီးမောင်နှံများအတွက် သားသမီးရရှိရေး ခေတ်မီနည်းပညာများ အသုံးပြုကာ စစ်ဆေးဆောင်ရွက်ပေးနေသည့် Fertility Centre ဖွင့်လှစ်၍ ဝန်ဆောင်မှုပေးနေမှုအား ယခုထက်ပိုမိုတိုးတက်စေရေး ဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ယမန်နေ့က ဗဟိုအမျိုးသမီးဆေးရုံကြီး- ရန်ကုန်သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် မှာကြားသည်။
ဗဟိုအမျိုးသမီးဆေးရုံကြီး-ရန်ကုန်သည် ကိုယ်ဝန်ဆောင်မိခင်များ၊ အမျိုးသမီးရောဂါများအတွက် မြန်မာနိုင်ငံတွင် အကြီးဆုံးကုသရေးဌာနကြီးဖြစ်ပြီး သင်ကြားရေးဆေးရုံကြီးလည်းဖြစ်သဖြင့် စံပြဆေးရုံကြီးဖြစ်ရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ဆေးရုံကြီးကိုအားကိုး၍ လာရောက်ကြသော ကိုယ်ဝန်ဆောင်မိခင်များ၊ လူနာများကို အကောင်းဆုံးဝန်ဆောင်မှုများ ဆောင်ရွက်ပေးကြပြီး ပိုမိုအားကိုးမှုရရှိကာ အန္တရာယ်ကင်းစွာ ကလေးမွေးဖွားခြင်းဖြင့် မိခင်၊ ကလေးသေဆုံးမှု လျော့နည်းအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြည်ထာင်စုဝန်ကြီးက ပြောကြားသည်။
သားသမီးမရသည့် ဇနီးမောင်နှံများအတွက် သားသမီးရရှိစေရေး ခေတ်မီနည်းပညာများ အသုံးပြုကာ စစ်ဆေးဆောင်ရွက်ပေးနေသည့် Fertility Centre ဖွင့်လှစ်၍ ဝန်ဆောင်မှုပေးနေသည်ကိုလည်း ယခုထက်ပိုမို တိုးတက်စေရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
အမျိုးသမီးများတွင် အဖြစ်များသော သားအိမ်ခေါင်းကင်ဆာကဲ့သို့ မီးယပ်ကင်ဆာရောဂါများကိုလည်း စောစီးစွာသိရှိစေရေးအတွက် ပြင်ပလူနာကြည့်ရှုချိန်များ ပိုမိုတိုးတက်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံတော်က ပံ့ပိုးပေးလျက်ရှိသည့် ထောက်ပံ့မှုများကို လူနာများ အကျိုးရှိစွာ ခံစားရရှိစေရေး အားလုံးပူးပေါင်းဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးက မှာကြားသည်။
