
၁၇. ၈. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့မှာ ဆယ်ကျော်သက်ဂိုဏ်းအဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် မိသားစုတစ်စုဟာ သူတို့နေအိမ်ကနေ ထွက်ပြေးခဲ့ရပါတယ်။
ချွန်ဘူရီပြည်နယ်၊ ဘန်ဂ်လမန်ခရိုင်က အသက် (၄၂) နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဆုသာရတ် ဒီဂျိုင်ဗောင်ဟာ သေနတ်တွေနဲ့ ပင်ပေါင်ဗုံးတွေ ကိုင်ဆောင်ထားတဲ့ ဆယ်ကျော်သက် (၂၀) ကျော်က သူ့နေအိမ်ကို လာရောက်တိုက်ခိုက်ခဲ့တာကြောင့် အကူအညီပေးဖို့အတွက် မီဒီယာတွေကို သတင်းပေး အကြောင်းကြားခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ပိုင်ဆိုင်မှုတွေ ပျက်စီးခဲ့ရပြီး သူ့ရဲ့မိသားစုဟာလည်း ကြောက်လန့်တကြား ထွက်ပြေးခဲ့ရပါတယ်။ ရဲစခန်းမှာ အမှုဖွင့်ထားပေမယ့်လည်း အမှုက တိုးတက်မှုမရှိသေးတာကြောင့် ဆုသာရတ်နဲ့ သူ့ရဲ့မိသားစုဟာ စိတ်ဆင်းရဲနေကြပါတယ်။
ဒီဖြစ်ရပ်ဟာ ဇွန်လ (၁၇) ရက်နေ့က ဆုသာရတ်ရဲ့ သမီးနဲ့ သူနဲ့သိတဲ့ ဆယ်ကျော်သက်အုပ်စုအကြား စကားများရာကနေ စခဲ့တာဖြစ်ပါတယ်။ ဒီအငြင်းပွားမှုက သူတို့အိမ်ရှေ့မှာ အကြမ်းဖက်ထိပ်တိုက်တွေ့ဆုံမှုအဖြစ် တိုးလာခဲ့ပြီး ဆယ်ကျော်သက်ယောကျ်ားလေးတစ်ဦးက သူ့သမီးကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပါတယ်။
သူ့သမီးရဲ့ ချစ်သူက အဲဒီကိစ္စထဲ ဝင်ရောက်ခဲ့တဲ့အခါမှာတော့ ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေဖြစ်လာပြီး အခြေအနေက ရှုပ်ထွေးသွားပြီး နှစ်ဖက်စလုံးက ရဲစခန်းမှာ အမှုဖွင့်ခဲ့ကြပါတယ်။
ဇူလိုင်လ (၇) ရက်နေ့၊ ည ၁၁ နာရီလောက်မှာ ဆယ်ကျော်သက်အုပ်စုဟာ ဆိုင်ကယ်အစီး (၂၀) ကနေ (၃၀) လောက်နဲ့ ဆုသာရတ်ရဲ့အိမ်ကို ရောက်ရှိလာခဲ့ပြီး ပင်ပေါင်ဗုံးတွေ ပစ်ပေါက်ခဲ့တာကြောင့် မိသားစုကားနဲ့ တခြားပစ္စည်းတွေ ပျက်စီးခဲ့ရပါတယ်။ ဆုသာရတ်က အပြင်မှာ ဘာတွေဖြစ်နေလဲဆိုတာ ကြည့်ဖို့ ကြိုးစားတဲ့အခါမှာတော့ ဆယ်ကျော်သက်တွေက သေနတ်ထုတ်ပြခဲ့တာကြောင့် သူမဟာ ကြောက်လန့်ပြီး နောက်ဆုတ်ခဲ့ရပါတယ်။
ဆုသာရတ်က ဒီတိုက်ခိုက်မှုအကြောင်းကို ဘန်ဂ်လမန်ရဲစခန်းမှာ တိုင်ကြားခဲ့ပေမယ့် တစ်လကျော်ကြာတဲ့အထိ အမှုက တိုးတက်မှုမရှိသေးပါဘူး။ သြဇာရှိတဲ့သူတွေက တိုက်ခိုက်သူတွေကို ကာကွယ်ပေးနေတာကြောင့် စုံစမ်းစစ်ဆေးမှုတွေ နှောင့်နှေးနေတာကို သူမက စိုးရိမ်ကြောင်း ပြောခဲ့ပါတယ်။
“ကျွန်မတို့ အဲဒီအိမ်မှာ ဆက်နေဖို့ အရမ်းကြောက်နေကြပြီ။ ထပ်ပြီး တိုက်ခိုက်မခံရအောင် မိသားစုတစ်ခုလုံး ပြောင်းရွှေ့နေထိုင်ခဲ့ရတယ်” လို့ သူမက ပြောခဲ့ပြီး ရဲတွေအနေနဲ့ အမှုကိစ္စကို အမြန်ဆုံးဆောင်ရွက်ပေးပြီး တရားမျှတမှုရှိအောင် လုပ်ဆောင်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဒီအမှုကိစ္စ တိုးတက်မှုမရှိသေးတာကြောင့် မိသားစုဟာ ကြောက်လန့်တကြားနေနေရပြီး ဆုသာရတ်ကလည်း ရဲတွေအနေနဲ့ အကြမ်းဖက်မှုတွေကို ဖြေရှင်းပြီး သူမရဲ့မိသားစုကို ကာကွယ်ပေးဖို့ အရေးယူဆောင်ရွက်ပေးပါလို့ တောင်းဆိုခဲ့တယ်လို့ Pattaya News သတင်းမှာ ဖော်ပြထားပါတယ်။
Ref, Thaiger
