
နေမိုး
၁၇. ၈. ၂၀၂၅
အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ လက်နက်ကိုင်တွေရှိရာ ဒေသတွေနဲ့ စစ်ပွဲတွေကို အဓွန့်ရှည်ကြာစေတဲ့ သယံဇာတခိုးထုတ်ရာဒေသများစွာကို တိုက်ခိုက်တုံ့ပြန်သွားမယ်လို့ သတိပေးထားတဲ့အတိုင်း အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရတဲ့ တအာင်းလက်နက်ကိုင် TNLA က နယ်မြေမစွန့်ခွာဘဲ သယံဇာတ ခိုးထုတ်နေတဲ့ မိုးကုတ်မြို့ကို ဆက်တိုက်ဗုံးကြဲခံနေရသလို ဒီမနက်မှာလည်း TNLA လက်နက်ကိုင်တွေရှိနေတဲ့ ရဲစခန်းနဲ့ ထွေအုပ်ရုံးကို လေကြောင်းတိုက်ခိုက် ဗုံးကြဲလိုက်လို့ သုံးဦးသေဆုံးကာ နေအိမ်သုံးလုံး ပျက်စီးခဲ့ပါတယ်။
ဖြစ်စဥ်မှာ ဒီနေ့ မနက် ၉ နာရီအချိန်က မိုးကုတ်မြို့အရှေ့ပိုင်း၊ မြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးအနီးကို လေကြောင်းကနေ ပေါင် ၂၅၀ ဗုံး သုံးလုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့လို့ လူသုံးဦး သေဆုံးတဲ့အပြင် နေအိမ်သုံးအိမ်နဲ့ လေးထပ်ဆောင်အဆောက်အအုံ တစ်လုံး ဗုံးစထိမှန် ပျက်စီးသွားခဲ့တာလို့ TNLA က ပြောပါတယ်။
ညှိနှိုင်းမှုလည်း လက်မခံ၊ နယ်မြေလည်းလုယက်သိမ်းဆည်းထားပြီး သယံဇာတခိုးထုတ်တာလည်းမလျှော့တဲ့ TNLA ဟာ ပြည်သူလူထုကို လူသားဒိုင်းအဖြစ်ထားပြီး မြို့အတွင်းမှာ ဆက်လက်ခိုကပ်ထားတာကြောင့် ဒီလထဲ လေကြောင်းနဲ့ မိုးကုတ်မြို့ကို သုံးကြိမ်၊ ကျောက်မဲမြို့နယ်ကို နှစ်ကြိမ်၊ သီပေါမြို့ကို နှစ်ကြိမ် ဗုံးကြဲချတာကြောင့် ၃၈ ဦး သေဆုံးခဲ့ရပြီး ၂၇ ဦးထိခိုက်ဒဏ်ရာရှိကာ နေအိမ် (၄၂)အိမ်၊ အဆောက်အဦး (၁)လုံး၊ စာသင်ကျောင်း (၁)ကျောင်း၊ ကား (၄)စီး၊ ဆိုင်ကယ် (၃)စီးတို့လည်း ထိမှန်ပျက်စီးခဲ့တယ်ပြောပါတယ်။
သယံဇာတမြို့တွေ လိုက်လံတိုက်ခိုက် သိမ်းယူနေတဲ့ TNLA ကြောင့် ဒီလိုမြို့သိမ်းပွဲတွေမှာ ပြည်သူလူထုရာထောင်ချီ သေခဲ့ရသလို သိမ်းယူရာမြို့တိုင်းမှာ အိမ်ဖောက်ထွင်းလုယက်တာ၊ သယံဇာတ ခိုးထုတ်နေတာ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဘုန်းကြီးကျောင်းပါမချန် ပိုင်ဆိုင်မှူသိမ်းယူ လုယက်စခန်းချမှု ပြုလုပ်နေပြီး ဒီလိုပြုလုပ်လို့ လေကြောင်းတိုက်ခိုက်ခံရရင် သာသနာ့နယ်မြေတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေပါ တိုက်ခိုက်နေပြီလို့ အမြဲထုတ်ပြန်တတ်ပေမဲ့ TNLA တွေ သေဆုံးမှု ထုတ်ပြန်လေ့မရှိပါဘူး။ ဒါ့အပြင် TNLA လက်နက်ကိုင်အကြီးအကဲတွေက အမျိုးသမီးတွေနဲ့ သွားရောက်ပျော်ပါးတတ်ရာ ဟိုတယ်တွေ KTV တွေ ဗုံးကြဲခံရရင်လည်း ဟိုတယ်တွေ KTV တွေ အကြဲခံရကြောင်း ထုတ်ပြန်မှုမရှိပါဘူး။ မိုးကုတ်မြို့မှာ ဗုံးကြဲခံရချိန် ပစ်မှတ်တွေအများစုဟာ ဟိုတယ်တွေ၊ KTV တွေ အစိုးရရုံးတွေဖြစ်နေသလို ပြီးခဲ့တဲ့ ဇူလိုင်လထဲ မိုးကုတ်မြို့မှာ TNLA အကြီးပိုင်းတွေ သောက်စားမြူးတူးရာ Mount Mogok ဟိုတယ်၊ Ruby Wall KTV တွေအပါအဝင် ဟိုတယ်နဲ့ KTV ငါးလုံးထက်မနည်း လေကြောင်းဗုံးကြဲခံရမှုကိုလည်း TNLA က ဖုံးကွယ်ထုတ်ပြန်ခဲ့ပါတယ်။
