◾ UWSA က အခြားသူများ ပြစ်မှုကျူးလွန်သည်ကို သေဒဏ်ပေးပြီး ဟိုပန်ခရိုင်မှူးနှင့်အပေါင်းအပါများ မုဒိမ်းမှုလေးမှု ကျူးလွန်သည်ကို သက်ညှာသည့်အပေါ် ကိုယ့်လူကိုယ်သက်ညှာမှုအဖြစ် ဝေဖန်ရှုတ်ချနေကြ
နေမိုး
၁၇. ၈. ၂၀၂၅
လူသတ်၊ လုယက်၊ မုဒိမ်းမှုတွေကို အခြားသူကျူးလွန်တယ်ဆို လူမြင်ကွင်းမှာကို သေဒဏ်ချတဲ့ “ဝ”လက်နက်ကိုင် UWSA က သူ့ လက်အောက်ခံ ဟိုပန်ခရိုင်မှူးက သက်ငယ်မုဒိမ်းအပါအဝင် မုဒိမ်းမှုလေးမှုကျူးလွန်တာကိုတော့ သေဒဏ်မပေးသလို နှစ်ရှည်ထောင်ဒဏ်လည်းမပေးဘဲ ငွေဒဏ်နဲ့ ထောင်ဆယ်နှစ်သာချလိုက်ပါတယ်။
UWSA ထိန်းချုပ်ထားရာကနေ “ဝ”သတင်းတွေဖော်ပြနေတဲ့ ‘ဝ’ လူငယ့်အသံက မနေ့က သတင်းဖော်ပြမှုအရ UWSA ဟာ သက်ငယ်မုဒိမ်းမှုကျူးလွန်သူ တာ့ညီလင်းနဲ့ အပေါင်းအပါတွေကို မနေ့က ဩဂုတ် ၁၆ ရက်မှာ ဟိုပန်မြို့၊ ယဥ်ကျေးမှုကွင်းထဲ တရား စီရင်ခဲ့ပါတယ်။

ဒီလို စီရင်ရာမှာ ကျူးလွန်သူ ဟိုပန်ခရိုင်မှူး တာ့ညီလင်းဟာ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်အပါအဝင် အမျိုးသမီးငယ် (၄) ဦးကို မုဒိန်းကျင့် စော်ကားခဲ့ရာမှာ မုဒိမ်းမှုမြောက်တဲ့ အမျိုးသမီးငယ်နှစ်ဦးကို လျော်ကြေး ယွမ်တစ်သိန်းဆီနဲ့ မုဒိမ်းမှုမမြောက်ပေမဲ့ လိင်စော်ကားခံရတဲ့ အမျိုးသမီးနှစ်ဦးကို ယွမ်ငါးသောင်းဆီလျော်ကြေးပေးခိုင်းပြီး စုစုပေါင်း လျော်ကြေး ယွမ်သုံးသိန်းနဲ့ ထောင် ဆယ်နှစ်သာ ချခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ကျူးလွန်သူနဲ့ ထပ်တူအပြစ်ပေးရမယ့် ဟိုပန်ကကြံရာပါ ခရိုင်ရုံးအုပ်၊ ဒုတိယရုံးအုပ်နဲ့ ယဥ်ကျေးမှု အသင်းခေါင်းဆောင် တို့ကိုလည်း လက်ရှိရာထူးတွေက လျှော့ချမှုနဲ့သုံးလစီ အနားပေးမှုသာ အရေးယူလိုက်တယ်လို့ သိရပါတယ်။

MT News ရဲ့ သတင်းမှတ်တမ်းတွေအရ UWSA ဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာကစပြီး တရုတ်နိုင်ငံသားတစ်ဦးအပါအဝင် လူ ၁၃ ဦးထက်မနည်းကို မုဒိမ်း၊ လူသတ်၊ ဓားပြတိုက်မှုတွေနဲ့ သေဒဏ်နဲ့ ထောင်တစ်သက်တစ်ကျွန်းပေးခဲ့ပေမဲ့ UWSA ရဲ့ လူရင်းဖြစ်တဲ့ ဟိုပန်ခရိုင်မှူး တာ့ညီလင်းရဲ့ ကြံရာပါတွေရဲ့ မုဒိမ်းမှူလေးမှုကို သက်သက်ညှာညှာအမိန့်ချတာကိုတော့ လူမှုကွန်ရက်မှာ ရှုတ်ချဝေဖန်နေပြီး Wa News Land သတင်းအောက်မှာ Thein Zaw Aung အကောင့်ပိုင်ရှင်က “ခိုးတာကြတော့ သေဒဏ်ပေးတယ်။ အသက် မပြည်သေးတဲ့မိန်းကလေးနဲ့ တခြားမိန်းကလေးတွေ မုဒိန်းကျင့်တာကို ငွေနဲ့ လျော်တယ်။ ၁၀ နှစ် ထောင်ဒဏ်တဲ့။ တရားလိုက်တာ ဝလူကြီးရယ်။ မျက်စိတစ်ဖက် / နားတစ်ဖက်စီပဲ ပါတာလားကွာ။ အဲ့နေရာမှာ တခြားသူဖြစ်ရင် သေမိန့်ချမယ်ဆိုတာ သိသာနေပါတယ်။ သက်ငယ်မုဒိန်း”လို့ မှတ်ချက်ပြုထားသလို Mg Mg Kyaw အကောင့်ပိုင်ရှင်ကလည်း သက်ငယ်မုဒိမ်းတရားခံ တာ့ညီလင်းဟာ “ဝ” ခေါင်းဆောင် ပေါက်ယူချန်းရဲ့ တူဖြစ်ကြောင်း သိရပါတယ်”လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ဒါ့အပြင် တာ့ညီလင်းရဲ့ သက်ငယ်မုဒိမ်းမှုသတင်းကို ပြန်လည်ဖော်ပြတဲ့ BBC Burmese သတင်းအောက်မှာလည်း Win Tun Htwe ဆိုသူက “ဗမာပြည်မှာတောင် ထောင်ဒဏ်တစ်သက်ပဲ။ မင်းတို့ဆီမှာ တခြားသူတွေကျတော့ လူမြင်ကွင်းမှာ ပစ်သတ်နေပြီးတော့ သက်ငယ်မုဒိန်း+အရွယ်ရောက်မုဒိန်း+ Sexual harassment ကို ဆယ်နှစ်ဆိုတော့ ဈေးပေါလိုက်တာကွာ”လို့ ဝေဖန်ထားသလို Aung Lwin အကောင့်ပိုင်ရှင်ကလည်း “သူပုန်အဖွဲ့တွေထဲမှာ ဖြုတ်ထုတ်သတ် လမ်းစဉ်တွေ များတယ်။ ငါနဲ့မတူ ငါ့ရန်သူ။ တကယ် မုဒိမ်းကျင့်တဲ့ကောင်တွေ ဘာမှ မဖြစ်။ တကယ် မကျင့်တဲ့လူတွေ အသတ်ခံသွားရတာ မျက်မြင်ကိုယ်တွေ့တွေ။ သူတို့ ခေါင်းဆောင်တွေကိုယ်တိုင်က ဘယ်လောက် ရိုးသားကြလို့လဲ”လို့ မေးခွန်းထုတ်ထားတာ တွေ့ရပါတယ်။
Ref & Photo – Wa News Land
