၁၅.၈.၂၀၂၅
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ၊ ကက်ရှ်မီးယားပြည်နယ်အတွင်းမှာ သြဂုတ်လ ၁၄ ရက်နံနက်က မိုးပုဆိန်လို့ခေါ်တဲ့ ရုတ်တရက် ပြင်းထန်စွာမိုးရွာသွန်းမှုကြောင့် ရုတ်ခြည်းရေလွှမ်းမိုးမှုဖြစ်ကာ ပြည်နယ်အတွင်းအနည်းဆုံး ၅၆ ဦး သေဆုံးပြီး အများအပြားပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။
အဆိုပါဖြစ်ရပ်က ဟိမဝန္တာဒေသအတွင်းမှာ ရက်သတ္တပတ်တစ်ပတ်အတွင်း ဒုတိယမြောက်သဘာဝဘေးဖြစ်ပွားမှုလည်း ဖြစ်ခဲ့ရပါတယ်။
ခုလိုရေလွှမ်းမိုးမှုက ကစ်ရှ်ဝါခရိုင်အတွင်း ချီဆိုတီမြို့မှာ သြဂုတ်လ ၁၄ ရက်နံနက်မှာ စပြီး ဖြစ်ပွားခဲ့တာပါ။ ဒီနေရာက နတ်သမီး ဒါဂါကိုကြည်ညိုဖူးမြော်ဖို့ ဟိမဝန္တာဘုရားကျောင်းဖြစ်တဲ့ မာချေးလ်မာတာကို ဘုရားဖူးလမ်းကြောင်းရဲ့ အဓိကမှတ်တိုင်နေရာလည်း ဖြစ်ပါတယ်။
ရုပ်မြင်သံကြားရိုက်ကူးချက်တွေအရ ဘုရားဖူးတွေဟာ သူတို့အခြေစိုက်နေထိုင်နေရာတစ်လျှောက် ရေတွေမြင့်တက်လာတာမှာ ကြောက်လန့်တကြားအော်ဟစ်ငိုကြွေးကြတာ တွေ့ရပါတယ်။
အိန္ဒိယနိုင်ငံ ထိန်းချုပ်တဲ့ ဂျမ်မူးနဲ့ကက်ရှ်မီးယားပြည်ထောင်စုနယ်မြေအစိုးရ ဝန်ကြီးချုပ်ဖြစ်တဲ့ အိုမာအဗ္ဗဒူလာက အခြေအနေမှ ာအတော်ခက်ခဲအကျပ်အတည်းဖြစ်နေရပြီး အစွန်အဖျားဒေသတွေမှ အခြေအနေကို အသေးစိတ်အတည်ပြုနိုင်ဖို့လည်း နှေးကွေးနေရတယ်လို့ ဆိုပါတယ်။
သဘာဝဘေးကယ်ဆယ်ရေးအရာရှိတစ်ဦးဖြစ်တဲ့ မိုဟာမက်အာရှတ်က သြဂုတ်လ ၁၄ ရက် ညအထိ လူ ၃၀၀ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး သူတို့အနက် ၅၀ ဦးကတော့ ပြင်းထန်တဲ့ဒဏ်ရာတွေရထားလို့ အနီးအနားရှိဆေးရုံတွေကို တင်ပို့ခဲ့ရတယ် ဆိုပါတယ်။ သူက လူ ၈၀ ခန့်ကတော့ ပျောက်ဆုံးနေဆဲလို့ပြောခဲ့ပါတယ်။ ဒေသခံအရာရှိတွေကလည်း အနည်းဆုံး ၅၆ ဦးသေဆုံးတယ်လို့ဆိုပေမယ့် သေဆုံးမှုက မြင့်တက်လာနိုင်သေးတယ်လို့ ပြောကြပါတယ်။
အိန္ဒိယရာသီဥတုဌာနကလည်း ဒေသအတွင်း မိုးကရုတ်တရက်သည်းထန်စွာရွာသွန်းရာမှာ တစ်နာရီအတွင်းမှာပဲ မိုးရေချိန် ၁၀၀ မီလီမီတာ(၄ လက်မ) ကျော်သွားပြီးနောက် ရုတ်တရက်ရေလွှမ်းမိုးမှု ဖြစ်ခဲ့ရတာပဲလို့ ပြောခဲ့ပါတယ်။
Ref- yahoo



