၁၅. ၈. ၂၀၂၅
Translated by Thettant
ထိုင်းတော်ဝင်တပ်မတော်သည် ယနေ့ ဩဂုတ်လ ၁၅ ရက်တွင် ဆူရင်ပြည်နယ်၊ ကပ်ချိုင်းခရိုင်တွင် ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုဖြစ်စဉ်တစ်ခုနှင့် ပတ်သက်၍ ရှင်းလင်းချက်ထုတ်ပြန်ခဲ့သည်။
အဆိုပါဖြစ်စဥ်မှာ ဩဂုတ် ၁၅ ရက်သို့ကူးပြောင်းစ ည ၁၂ နာရီ ၄၅ မိနစ်တွင် တပ်ရင်း ၁၆၂၃ မှ တပ်ဖွဲ့ဝင်များသည် ကမ္ဘောဒီးယားနှင့် စစ်ရေးတင်းမာနေသော ထိုင်းနယ်စပ် ကပ်ချိုင်းခရိုင်၊ ဝပ်ဘန်ခွီးယန်ကောဘုန်းကြီးကျောင်းအနီးရှိ လမ်းတစ်ခုတွင် သေနတ်ပစ်သံ ၁၀ ချက်ကြားခဲ့ပြီး ည ၁၂ နာရီ ၅၄ မိနစ်တွင် ပစ်ခတ်သံ ၂ ချက်ထပ်မံကြားခဲ့သည်။
ထို့အတွက် ဝန်ထမ်းများနှင့် လက်နက်များကို စစ်ဆေးရာ တပ်သားရတ္ထဖွမ်သည် ခွင့်ပြုချက်မရှိဘဲ တာဝန်နေရာမှ ထွက်ခွာသွားပြီး ရိုင်ဖယ်တစ်လက်နှင့် ကျည်ဆံများယူသွားကြောင်း တွေ့ရှိခဲ့သည်။
ဖြစ်စဥ် စစ်ဆေးမှုများအရ အရပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အသက် ၃၂ နှစ်အရွယ် အနုဝတ်ဆိုသူသည် ညာဘက်အဆုတ်ကို ထိမှန်ခံရကာ အခြေအနေစိုးရိမ်ရသော်လည်း သတိရှိနေသလို ဆူရင်ဆေးရုံသို့ လွှဲပြောင်းခဲ့သည်။ ထို့အတူ အသက် ၃၅ နှစ်အရွယ် ဝတ္ထနသည် ဘယ်ဘက်ခြေထောက်တွင် ဖန်ကွဲစများထိမှန်ဒဏ်ရာရရှိခဲ့သော်လည်း အခြေအနေတည်ငြိမ်သည်။ ဒဏ်ရာရသူနှစ်ဦးစလုံးသည် ကပ်ချိုင်းဆေးရုံတွင် ရှေးဦးသူနာပြုစုကုသမှုခံယူခဲ့ပြီး ယခုအခါ အန္တရာယ်ကင်းရှင်းနေကြပြီဖြစ်သည်။
နောက်ဆုံးသတင်းများအရမှု ထိုင်းအာဏာပိုင်များက ဆူရင်တွင် အရပ်သားများကို ပစ်ခတ်ခဲ့သော ထိုင်းစစ်သားရတ်ထဖွမ်ကို တွေ့ရှိခဲ့ပြီး သူသည် ဖြစ်စဉ်ဖြစ်ပွားရာနေရာအနီးရှိ အိမ်တစ်လုံးတွင် ပုန်းအောင်းနေသည်။ စိတ်ဖောက်ပြန်သွားဖွယ်ရှိသည့် ရတ္ထဖွမ်ကို လက်နက်ချရန် ညှိနှိုင်းဖို့ ဖခင်ဖြစ်သူကို ခေါ်ဆောင်လာခဲ့ပြီးနောက် ဖမ်းဆီးထားသည်ဟုလည်း သိရသည်။
အဆိုပါဖြစ်စဥ်အပေါ် ပရာဖစ် ရိုဂျနဖရူခ်ဆိုသူတစ်ဦးကမူ “သူဘယ်လိုဖိအားမျိုးနဲ့ ရင်ဆိုင်နေရလဲ၊ စစ်ပွဲကြောင့် စိတ်ပိုင်းဆိုင်ရာ ရောဂါခံစားနေရလား၊ ဒါမှမဟုတ် ဘာများမှားယွင်းနေလဲ မသိပေမယ့် စစ်ပွဲက လူတွေကို ပြောင်းလဲစေပြီး မကြာခဏ သူတို့ရဲ့ အဆိုးဘက်ကို ထုတ်ဖော်ပြသစေပါတယ်။ ဒဏ်ရာရခဲ့တဲ့ အရပ်သားနှစ်ဦးအတွက် စိတ်မကောင်းပါဘူး။ မှတ်ချက်။ စစ်ပွဲပိုမိုဖြစ်ပေါ်ဖို့ ထောက်ခံနေတဲ့ ထိုင်းလူမျိုးတွေအနေနဲ့ စစ်ပြန်များစွာ ခံစားနေရတဲ့ PTSD (စိတ်ဒဏ်ရာဖြစ်စဉ်ဆိုင်ရာရောဂါ) အကြောင်း ဖတ်ရှုသင့်ပါတယ်။ စစ်ပြန်တချို့ဟာ လူသားမျိုးနွယ်နဲ့ သူတို့ကိုယ်သူတို့ရဲ့ အမှောင်ဆုံးဘက်ကို မြင်တွေ့ခဲ့ရပြီး ရလဒ်အနေနဲ့ တစ်သက်လုံး စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများနဲ့ ခံစားခဲ့ရပါတယ်။ ဒီအနိမ့်တန်းစစ်သားတွေဟာ တကယ်တော့ ဘယ်သူနဲ့မှ ရန်မဖြစ်ဖူးတဲ့၊ တစ်ခါမှ မတွေ့ဖူးတဲ့သူတွေကို တိုက်ခိုက်ဖို့ ဒါမှမဟုတ် သတ်ဖြတ်ဖို့ အမိန့်ပေးခံရတဲ့ နယ်ရုပ်ကလေးတွေသာဖြစ်ပါတယ်။အကယ်၍ သူတို့ဟာ စစ်ပွဲမှာ သေဆုံးသွားခဲ့ရင် ‘သူရဲကောင်း’ အဖြစ် ကြေညာခံရပြီး၊ အကြောင်းတစ်စုံတစ်ရာကြောင့် ဒီဖြစ်စဉ်လို ထိန်းမနိုင်သိမ်းမရ ဖြစ်သွားပြီး အရပ်သားနှစ်ဦးကို ပစ်ခတ်ခဲ့ရင်တော့ ချက်ချင်း ရာဇဝတ်သားအဖြစ် သတ်မှတ်ခံရပြီး ‘အခြားသူ’ အဖြစ် ဆက်ဆံခံရပါတယ်”ဟု မှတ်ချက်ပြုခဲ့သည်။
Ref, Khaosod
