၁၅. ၈. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ တရုတ်နိုင်ငံတွင် သီးခြားတွေဆုံခဲ့စဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ကိစ္စနှင့် နိုင်ငံရေးတိုးတက်မှုများကို ထောက်ခံအားပေးကြောင်း ပြောကြားသည်။
(၁၀) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးတက်ရောက်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အန်းနင်မြို့သို့ ရောက်ရှိနေစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာမာရစ်ဆတ်ငီယမ်ဖုန်တို့နှင့် သီးခြားစီတွေ့ဆုံခဲ့ခြင်းဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး၍ မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့်ကိစ္စကို ရှင်းလင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ကိစ္စနှင့် နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများကို ထောက်ခံအားပေးကြောင်း ပြန်လည်ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးမစ္စတာမာရစ်ဆတ်ငီယမ်ဖုန်တို့ သီးခြားတွေ့ဆုံရာတွင်လည်း မြန်မာ-ထိုင်း နှစ်နိုင်ငံဖြစ်ပေါ် တိုးတက်မှုများနှင့် နယ်စပ်ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
