၁၅. ၈. ၂၀၂၅
Translated by Thettant
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တင်းမာမှုကြောင့် ပြန်လည် ထွက်ခွာသွားသည့် ကမ္ဘောဒီးယားရွှေ့ပြောင်းလုပ်သားများနေရာတွင် အစားထိုးရန်အတွက် မြန်မာနိုင်ငံမှ လုပ်သား ၄၂,၀၀၀ နှင့် သီရိလင်္ကာမှ လုပ်သား ၁၀,၀၀၀ ကို နှစ်လအတွင်း ခေါ်ယူမည်ဟု ထိုင်းအစိုးရက ကြေညာခဲ့သည်။
ပထမဆုံး မြန်မာလုပ်သားအဖွဲ့သည် လာမည့်အင်္ဂါနေ့တွင် ရောက်ရှိလာမည်ဖြစ်ပြီး စုစုပေါင်း ၄၂,၀၀၀ ပြည့်သည်အထိ ဆက်လက်ရောက်ရှိလာမည်ဟု မျှော်မှန်းကြောင်း ထိုင်းအလုပ်သမားဝန်ကြီး ပေါင်ကာဝင်း ဂျောင်ရောင်ရွမ်ကစ်က ယနေ့ ပြောကြားခဲ့သည်။ ထိုလုပ်သားများကို လုပ်သားအင်အား လိုအပ်နေသည့် လုပ်ငန်းနယ်ပယ်အားလုံးသို့ ဖြန့်ဝေပေးသွားမည်ဖြစ်သည်။
သီရိလင်္ကာနိုင်ငံမှ လာမည့်လုပ်သားများနှင့်ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာနသည် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ သီရိလင်္ကာနှင့် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးရန် ညှိနှိုင်းဆောင်ရွက်နေကြောင်း ဝန်ကြီးက ပြောသည်။ ကနဦးအဖြစ် သီရိလင်္ကာနိုင်ငံသား ၁၀,၀၀၀ ခန့်ကို ခေါ်ယူမည်ဖြစ်ပြီး ကမ္ဘောဒီးယားလုပ်သားများနေရာတွင် အစားထိုးရန် နောက်ထပ် ၃၀,၀၀၀ ကိုပါ ထပ်မံခေါ်ယူရန် အစီအစဉ်ရှိကြောင်း သိရသည်။ ပထမဆုံး သီရိလင်္ကာလုပ်သားအဖွဲ့သည် နှစ်လအတွင်း ရောက်ရှိလာမည်ဟု မျှော်မှန်းထားသည်။
လက်ရှိ လုပ်သားရှားပါးမှုကို ဖြေရှင်းရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာနကလည်း ထိုင်းနိုင်ငံတွင် ပိတ်မိနေသည့် စာရွက်စာတမ်းပြည့်စုံသော ကမ္ဘောဒီးယားလုပ်သားများအား ၎င်းတို့၏ အလုပ်ပါမစ်သက်တမ်း ကုန်ဆုံးနေသော်လည်း လူသားချင်းစာနာထောက်ထားမှုအရ ခြောက်လအထိ ဆက်လက်လုပ်ကိုင်ခွင့်ပြုကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။
ထို့အပြင် အလုပ်သမားဝန်ကြီးက ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် နီပေါနိုင်ငံများမှ လုပ်သားများကိုလည်း ထိုင်းနိုင်ငံတွင် အလုပ်လာရောက်လုပ်ကိုင်ရန် ခေါ်ယူရန် အစီအစဉ်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
Ref ., Thai PBS
