
၁၀.၈.၂၀၂၅
Written By Zun
တစ်ခန်းလျှင် တန်ဖိုးငွေ ကျပ်သိန်း ၅၀၀၀ အထက် အပြည့်အဝပေးချေဝယ်ယူထားသူများအား ဆောက်လုပ်ပြီးစီးချိန်တွင် လက်ရောက်ပေးအပ်ခြင်း မရှိဘဲ မြေပိုင်ရှင်နှင့် ပုဂ္ဂလိကဘဏ်တို့အကြား တစ်ဦး အပေါ် တစ်ဦးလွှဲချနေသည့်အပေါ် ဝယ်ယူထားသူများက အစိုးရ ကို တိုင်တန်းထားကြောင်း MT News က စုံစမ်း သိရှိရသည်။
MT News ၏ ရရှိထားသော အချက်အလက်များအရ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံမြောက်အနောက်ရပ်ကွက်၊ ဆရာစံလမ်း၊ အမှတ်(၈၂)၊ မြေတိုင်းရပ်ကွက်အမှတ် ၃၅-ဘီ၊ မြေကွက်အမှတ်(၃၇ဘီ/၁)နှင့် (၃၇ဘီ/၂)ပေါ်တွင် Royal Sayarsan (Basement ၂ထပ် + ၂၄ထပ်) အဆင့်မြင့်ကွန်ဒိုကို မြေရှင် ဦးစံဝင်း (၁၃/မနန(နိုင်)ဝဝ၉၄၁၈)မှ Royal Sayarsan (High Rise Building) Condominium Project တည် ဆောက်ရေးအမည်ဖြင့် ကြိုပွိုင့်ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်း ကွန်ဒိုတွင် တိုက်ခန်းပေါင်း (၁၆၀)ကျော်ရှိပြီး မြေပိုင်ရှင်မှာ တိုက်ခန်း(၈၀) လွှဲပြောင်းရောင်းချပိုင်ခွင့်နှင့် ကန်ထရိုက်တာ (Developer) တို့မှာ တိုက်ခန်း (၈၀)စီ အသီးသီး လွှဲပြောင်းရောင်းချပိုင်ခွင့်ရှိ ကြကြောင်း သိရသည်။
အစိုးရထံ ပေးပို့တိုင်ကြားထားသော စာတွင် မြေရှင်ထံမှ သတ်မှတ်တန်ဖိုးများအတိုင်း ငွေအကြေပေးချေပြီး ကွန်ဒိုတိုက်ခန်း ကြိုတင်ဝယ်ယူခြင်းစနစ် (Pre Contract) ဖြင့် အပြီးအပိုင်အရောင်းအဝယ် ကတိစာချုပ်များချုပ်ဆို ဝယ်ယူခဲ့ကြကြောင်း၊ ကွန်ဒိုတိုက်ခန်းအပြီးအပိုင် ရောင်းချခြင်း ကတိစာချုပ်အပိုဒ်(၃)(ခ)ပါ စည်းကမ်းချက် အရ ၂ဝ၁၈ ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက်တွင် လက်ရောက်ပေးအပ်ရန် သဘောတူခဲ့ကြကြောင်း ဖော်ပြထားသည်။
၂၀၁၉ ခုနှစ် မေလ ၃၀ ရက်တွင် ဝယ်ယူထားသော ကွန်ဒိုတိုက်ခန်းများအပါအဝင် ကွန်ဒိုကြီးကို ဆောက်လုပ်ပြီးစီးခဲ့သောကြောင့် ဝယ်ယူခဲ့သူများအား ကွန်ဒိုတိုက်ခန်းများ လက်ရောက် ပေးအပ်ရန် တောင်းဆိုခဲ့သော်လည်း မြေရှင်က အကြောင်းအမျိုးမျိုးပြ အချိန်ဆွဲပြီး လက်ရောက်ပေးအပ်ခြင်း မရှိခဲ့ကြောင်း သိရသည်။
ယင်းကြောင့် ကွန်ဒိုတိုက်ခန်းဝယ်ယူသူများက စုံစမ်းခဲ့ရာ မြေရှင်ဖြစ်သူက မြေဂရန်ကို ကွန်ဒိုအဆောက်အဦမဆောက်လုပ်မီကပင် မြန်မာ့ရှေ့ဆောင်ဘဏ်တွင် ပေါင်နှံထားကြောင်း၊မြေရှင်က မြန်မာ့ရှေ့ဆောင်ဘဏ်တွင် ချေးယူထားသော ငွေများအား ပြန်လည်ပေးဆပ်ခြင်း မရှိသဖြင့် အဆောက်အဦးကြီး ပြီးဆုံးချိန်တွင် လူနေထိုင်ခွင့်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံသို့ မြန်မာ့ရှေ့ဆောင်ဘဏ်ဘက်က ကန့်ကွက်ထားသည့်အတွက် အခန်းအပ်နှံခြင်း မပြုနိုင်ကြောင်း ဝယ်ယူထားသူများ၏ တိုင်စာတွင် ဖော်ပြထားသည်။
“လွန်ခဲ့သော ၂၀၁၇ – ၂၀၁၈ မှာ အပ်ပါမယ်စာချုပ်နဲ့ တစ်ပြားမှ မကျန်အောင် ပေးပြီးဝယ်ထားတဲ့ အခန်းတွေ ဖြစ်တယ်။ ပိုင်ရှင်က ဦးစံဝင်း။ BCC ကျမှ အပ်မယ်ဆိုတော့ သူက BCC မကျအောင် အဆောက်အအုံကို မပြီးအောင် နည်းနည်း ချန်ထားတယ်။ ကျွန်မတို့ကလည်း ၆ နှစ် ၇ နှစ် မစောင့်နိုင်တော့ဘူး။ အခန်းဝယ်ထားတဲ့ သူ တွေက။ မစောင့်နိုင်တော့ ကျွန်မတို့က သူ့ကို ပေးစရာ ၅ ပြားမှ မကျန်တော့တဲ့အတွက် ကျွန်မတို့က သူ့ကို သွားညှိတယ်။ ကျွန်မတို့ ခင်ဗျားပေါင်ထားတဲ့ မြေကွက်ကို ဝိုင်းရွေးပေးမယ်။ တစ်ယောက်ကို ၅၀၀ စီ ပေးမယ်။ အခန်းသော့ပေးပြီးတော့ ကျွန်မတို့ကို အပ်ပါ။ ခင်ဗျားတို့က BCC မှ မကျသေးတာ။ ဘယ်လိုလုပ် အပ်မလဲ ဆိုရင်လည်း ကိစ္စမရှိဘူး။ ကျွန်မတို့ကို အပ်ပါ။ ကျွန်မတို့ကို ဒဏ်ငွေချရင် ကျွန်မတို့ ခံမယ်။ မှန်လား။ ကျွန်မတို့ကို တက်နေခွင့်ပြုပါ။ ပိုက်ဆံ ပေးထားတာလေ။ ကျွန်မတို့ကို BCC နဲ့ ပြန်ကိုင်ထားတယ်နော်။ အခုက ဘယ်လို ဖြစ်လဲဆိုတော့ အကြိမ်ပေါင်းများစွာ ဟိုရွှေ့ ဒီရွှေ့ ရွှေ့တာ ၆ နှစ်ကြာသွားတယ်။ အဲဒီတော့ နောက်ဆုံးမှာ ကျွန်မတို့ ၅၀၀ ပေးလို့ ရှိရင် သော့အပ်မယ်ပေါ့။ သော့အပ်ပြီးရင် နေလို့ ရပြီပေါ့။ ကိုယ့်ဟာကိုယ်ရှင်းပေါ့။BCC မကျတာတွေ ကျတာတွေ ကိုယ့်ဟာကိုယ် စည်ပင်နဲ့ ရှင်းဆိုတော့ သွားတာပေါ့။ အားလုံးက သွားတဲ့အချိန်မှာ ဟိုကျတော့ ကျွန်တော်အကြောင်းပြန်ပါ့မယ် လုပ်ချလိုက်တယ်။ စာချုပ်တွေပါ ချုပ်ပြီးသွားတာ။ သူက ကျွန်မတို့ကို ရောင်းစဉ်ခါက ပေါင်ခြင်း နှံခြင်းမရှိပါဘူးဆိုပြီး စာချုပ်တွေ ချုပ်တယ်။ တကယ်တမ်းတော့ သူက MAB မှာ ပေါင်ထားတယ်။ MAB ကလည်း ဘယ်လိုလုပ်လဲ ဆိုတော့ ကျွန်မတို့ အရောင်းအဝယ်လုပ်တဲ့ အချိန်မှာ သူက ကန့်ကွက်စရာရှိကြောင်း တစ်ခါမှ မကန့်ကွက်ခဲ့ဘူး။ ငြိမ်နေတယ်။ သူ အပေါင်ခံထားတာကိုး။ ငြိမ်နေတယ်။ အဆောက်အအုံကိုလည်း ပေးဆောက်တယ်။ ပေးမဆောက်ရဘူး။ အမှန်က။ ပေါင်ထားလို့ရှိရင်။ ပေး ဆောက်ပြီးတော့ ဘယ်လိုစာချုပ်ပြန်ချုပ်တာလဲဆိုရင် သူတို့သည် ဦးစံဝင်းကို မြေကြီးအပေါင်လက်ခံထားလိုက်တယ်။ ဒါပေမဲ့ ရောင်းတိုင်းရောင်းတိုင်း တစ်ဝက်ကို ရောင်းတိုင်းရောင်းတိုင်း ပြန်သွင်းပေးပါမယ်ဆိုပြီး ဘဏ်က သူ့ကို ပြန်ချုပ်ထားလိုက်တယ်။အဲဒီတော့ ဘဏ်သည် သူ့ကိစ္စသူရှင်း။ ကျွန်မတို့က နစက တို့ ဗဟိုဘဏ် တို့ကို ကောက်တိုင်ပစ်လိုက်တယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်က။ စာနဲ့ပေနဲ့ တိုင်ထားတဲ့အတွက် အခု MAB ဘဏ်ကို စစ်နေတယ်။ အဲဒီစာအရပေါ့။ ကျွန်မတို့ဆီကို ပြန်မလာခင်မှာ ကျွန်မတို့က လိုချင်လှပြီ။ လိုချင် တဲ့အတွက် Developer သည် သူနဲ့ ၅၀ – ၅၀ စာချုပ်ထားတဲ့အတွက် Developer က ကျွန်မတို့ကို သောကြာနေ့ သြဂုတ်လ ၈ ရက်နေ့ မနက် ၈ နာရီမှာ အခန်းသော့အပ်ပြီးတော့ နေဆိုပြီးတော့ ကျွန်မတို့ကို ခေါ်ပြီးတော့ အပ်လိုက်တယ်ပေါ့။ကျွန်မတို့ကလည်း နေမယ့်သူတွေရော အလျှိုအလျှို အကုန်ခေါ်သွားပြီးတော့ ဝယ်ထားတဲ့ ၁၉ ခန်း ပိုင်ရှင်တွေက အကုန်လာပြီးတော့ အေးအေးဆေးဆေး သော့ကို လာယူလိုက်တယ်။နေ့လယ်မှာ ကျွန်မ တို့ ထမင်းလေး ထွက်စားတယ်။ စားတဲ့အချိန်မှာ လုံခြုံရေးက ဒီလိုပဲဆိုပြီး သတင်းပေးလိုက်တဲ့အတွက် သူ (ဦး စံဝင်း)က Mask တွေ တပ်ထားတဲ့ လူအုပ်ကြီးခေါ်လာပြီးတော့ လူအုပ်ကြီးလွှတ်ပြီးတော့ အဲဒီကွန်ဒိုကြီးမှာ နေ ရာယူပြီးတော့ သော့ခပ်ပစ်လိုက်တယ်။ ကျွန်မတို့လူ လင်မယားနှစ်ယောက် ပိတ်မိနေတယ်။ ပိတ်မိနေသူကိုလည်း ပြန်ထွက်ပေးပါပြောပြီး ပြန်ဝင်လို့မရတော့ဘူး။ ကျွန်မတို့ကပိုက်ဆံပေးပြီး ဝယ်ထားတဲ့သူတွေလေ”ဟု အခန်းဝယ်ယူထားသူက MT News ကို ပြောသည်။
ယခုအခါ အဆိုပါ ကိစ္စကို တရားဥပဒေဘောင်အတွင်းက ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ယင်းဝယ်ယူသူများက MT News ကို ပြောသည်။
တိုင်စာတွင် ဝယ်ယူထားသည့် နစ်နာနေသူများက ထည့်သွင်းဖော်ပြထားရာတွင် မြန်မာ့ရှေ့ဆောင် ဘဏ်သည် မြေရှင်ဦးစံဝင်း၏ မြေပိုင်ဆိုင်မှုစာရွက်စာတမ်းများကိုပေါင်နှံခြင်းကို လက်ခံထားပြီးနောက်မှ ကွန်ဒိုဆောက်လုပ်သည်ကို သိလျက်နှင့် သဘောတူ ခွင့်ပြုခဲ့ခြင်းမှာ ဥပဒေနှင့် ညီညွတ်မှု ရှိ-မရှိ။ မြန်မာ့ ရှေ့ဆောင်ဘဏ်သည် ၂၀၁၄ခုနှစ်ရှေ့မတိုင်မီကပင် မြေရှင်၏ ကွန်ဒိုဆောက် လုပ်သည့် မြေနေရာကို အပေါင်ခံထားခဲ့ပြီး၊ ယခု (၁၁) နှစ်ကြာသည်အထိတရားစွဲဆိုခဲ့ခြင်းမရှိသည်မှာ ဥပဒေနှင့် ညီညွတ်မှုရှိ-မရှိနှင့် မြန်မာ့ရှေ့ဆောင်ဘဏ်အနေဖြင့် သဘောရိုးဖြင့် တရားမစွဲခဲ့ခြင်း ဟုတ်-မဟုတ်၊ ဥပေဒနှင့်အညီ တရား စွဲတောင်းဆိုရာတွင်လည်း မြေရှင်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ လူနေထိုင်ခွင့်ပါမစ်မချပေးသဖြင့် အခန်းများ မအပ်နိုင်သည်ဟု အကြောင်းပြ ဖြေရှင်းခဲ့ရာ မြေရှင်သည် မြန်မာ့ရှေ့ဆောင်ဘဏ်သို့ ဘဏ်ချေးငွေပြန်ဆပ်ရန် တာဝန်ရှိလျက်နှင့် မဆပ်ခြင်း၊ ကွန်ဒိုတိုက်ခန်း (၈ဝ)ပိုင်ဆိုင်ခွင့်ရှိပါလျက်နှင့် ဘဏ်ချေးငွေပြန်မပေးဆပ်ခြင်းမှာ အခန်းဝယ်ယူထား သူများ၏အခန်းဝယ်ယူငွေကြေးများကို လိမ်လည်ရယူလိုသော သဘောဖြင့် တမင်တကာ ဆောင်ရွက်နေခြင်း ဟုတ်- မဟုတ် ဖော်ပြထားသည်။
ယင်းအပြင် မြန်မာ့ရှေ့ဆောင်ဘဏ်သည် မြေရှင်ဦးစံဝင်းပိုင်ကွန်ဒိုတိုက်ခန်း(၈ဝ)အနက် ကွန်ဒိုတိုက်ခန်း(၁၃) ခန်းကိုပေါက်ဈေးဖြင့် တန်ဖိုးသင့်ရယူလျှင် ဘဏ်ချေးငွေကိစ္စပြေလည်မှုရှိနိုင်သော်လည်း၊ ထိုကဲ့သို့ ပြေလည်အောင် ဆောင် ရွက်ခြင်းမရှိခြင်းမှာ မြေရှင်နှင့် ပူးပေါင်း၍ ပေးနေသည်ဟုလည်း တိုက်ခန်းဝယ်ယူသူများအနေဖြင့် ခံစားမိနေကြကြောင်း ဖော်ပြထားသည်။
မြေရှင် နှင့်တန်ထရိုက်တာ (Developer)တို့ လုပ်ငန်း သဘောတူစာချုပ် ချုပ်ဆို၍ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြပြီး ကန်ထရိုက်တာ (Developer) ဘက်က စာချုပ်ပါစည်းကမ်းများအတိုင်း အဆောက်အဦပြီးစီးအောင် တည်ဆောက်ခဲ့သော်လည်း ငွေကြေးအကုန် အကျခံ၍ ဆောက်လုပ်ပေးခဲ့သောကန်ထရိုက်တာ (Developer) အနေဖြင့်လည်း ဆောက်လုပ်ပြီးသည့်အခန်းများကိုတစ်ဆင့်ရောင်းချခွင့်မရသဖြင့်များစွာ နစ်နာ ဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရကြောင်းလည်း တိုင်တန်းစာအရ သိရသည်။
အဆိုပါ ကိစ္စများအတွက်နိုင်ငံတော်အကြီးအကဲအနေဖြင့်တိကျစွာစစ်ဆေးဖော်ထုတ်လျက် ကွန်ဒိုတိုက်ခန်းများကို ဥပဒေနှင့်အညီ ကူညီပေးပါရန် အခန်းဝယ်ယူထားသူများက အသနားခံ တင်ပြပါကြောင်းလည်း တိုင်တန်းစာတွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဥ်နှင့် ပတ်သက်၍ ကွန်ဒိုအခန်းဝယ်ယူသူများ၊ အမည်ပေါက် မြေရှင်တို့က နိုင်ငံပိုင်သတင်းစာများတွင် အပြန်အလှန်ကြေညာချက်ထည့်သွင်းထားကြသည်ကိုလည်း တွေ့ရှိရပြီး မြေရှင်ဘက်ကမူ စွပ်စွဲချက်များ မမှန်ကြောင်း သတင်းစာတွင် ဖော်ပြခဲ့သည်ကို တွေ့ရသလို အဆိုပါဖြစ်ရပ်အပေါ် မြေရှင်၊ MAB ဘဏ်နှင့် တာဝန်ရှိသူ ဘက်အသီးသီးကို စီစဥ် ဆောင်ရွက်မှုကိုပါ MT News က ဆက်သွယ်မေးမြန်းနေကာ မေးမြန်းမှုများ ဖြေဆိုလာပါက အချိန်နှင့်တစ်ပြေးညီ ဆက်လက် ဖော်ပြပေးမည်ဖြစ်သည်။
