◾ အခွန်အခများမှန်ကန်စွာ ကောက်ခံရန်နှင့် အခွန်ရှောင်သူများရှိနေဆဲ ဖြစ်သဖြင့် အပြည့်အဝရရှိရန်လိုအပ်ကြောင်းပါ မှာကြား
သတိုး
၂၃. ၉. ၂၀၂၆
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၂၃ ရက်က နေပြည်တော်၌ သမ္မတ၊ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များ တွေ့ဆုံပွဲတွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းချုပ်ရေး၊ လယ်ယာ၊ သားငါးနှင့် မွေးမြူရေး ထုတ်ကုန်များတိုးမြှင့်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ ပညာရေးနှင့် ရေရှည်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးထံမှ သိရသည်။
လက်ရှိကာလတွင် စားသုံးမှုနှင့် ထုတ်လုပ်မှု မမျှတခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်မားခြင်းနှင့် တရားမဝင်ကုန်သွယ်မှုများကြောင့် ကုန်ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်နေသဖြင့် သက်ဆိုင်ရာ ဝန်ကြီးချုပ်များက ဒေသအလိုက် ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ထုတ်လုပ်မှုတိုးတက်ရေးကို ကြပ်မတ်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ဦးစားပေး ဆောင်ရွက်ရန်လိုကြောင်းနှင့် အလုပ်လုပ်ကြရန် လိုအပ်ကြောင်းအပြင် အလုပ်အကိုင်နှင့် အလုပ်လုပ်နိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက မှာကြားသည်။
ထို့အပြင် ကချင်ပြည်နယ်တွင် သားငါးဈေးနှုန်း မြင့်တက်နေမှုနှင့် မွေးမြူရေးအားနည်းမှုများကို ဖြေရှင်းရန် ဒေသတွင်းမွေးမြူရေး တိုးမြှင့်ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း မှာကြားခဲ့သလို ပြည်ပမှ နှစ်စဉ်စားသုံးဆီ တန်ချိန် ၅ သိန်းမှ ၆ သိန်းခန့် တင်သွင်းနေရသဖြင့် နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲပုပ်နှင့် ဆီအုန်းတို့ကို ပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးထုတ်လုပ်ပြီး ပြည်တွင်း စားသုံးဆီဖူလုံရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ ဆီအုန်းကို ဧက ၄ သိန်းခန့် စိုက်ပျိုးထားသော်လည်း ထုတ်လုပ်မှုနည်းပါးနေသေးသဖြင့် စိစစ်ပြီး ဆီကြမ်းအစား ဆီချောထုတ်လုပ်နိုင်ရေးနှင့် ထိရောက်စွာ အကောင်အထည်ဖော်ရန် လိုအပ်သည်ကို တိုင်းအစိုးရက ကြီးကြပ်ပေးရန်နှင့် စပါး၊ နှမ်းနှင့် ပဲသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် “မျိုး၊ မြေ၊ ရေ၊ နည်း” ကို အခြေခံ၍ တောင်သူများက စနစ်တကျ စိုက်ပျိုးရန်နှင့် သီးထပ်စွမ်းအား မြှင့်တင်ရန် လိုအပ်ကြောင်းနှင့် မိုးစပါး ဧက ၁၅ သန်းခန့်၊ နွေစပါး ဧက ၂ သန်းကျော် စိုက်ပျိုးနေပြီး လယ်ယာကဏ္ဍတွင် သီးထပ်စွမ်းအား မြှင့်တင်ရန်၊ စိုက်ဧကနှင့် အထွက်နှုန်း ကိန်းဂဏန်းများကို မှန်ကန်စွာ တင်ပြရန် လိုအပ်ကြောင်းလည်း နိုင်ငံတော်သမ္မတက မှာကြားခဲ့သည်။




ယင်းအပြင် KG+9 ပညာရေးစနစ်ကို ထိရောက်စွာ အကောင်အထည်ဖော်ရန် ၂၀၂၁ ခုနှစ်ကတည်းပင် စတင်ပြောကြားခဲ့ကြောင်း၊ ကျောင်းတက်ရောက်မှု မြင့်မားရေးနှင့် စာတတ်မြောက်ရေးကို အလေးထားဆောင်ရွက်ရန် တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များက ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ Check, Recheck, Counter Check လုပ်ဆောင် သွားရမည်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမလိုအပ်ချက်ကို ကြိုတင်တွက်ချက်ပြီး လူ့စွမ်း အားအရင်းအမြစ် စီမံချက်များ ရေးဆွဲရန်နှင့် တက္ကသိုလ်၊ ကောလိပ်များ၏ သင်ကြားရေးနှင့် အားကစားအဆောက်အအုံများကိုလည်း တိုးတက်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပူတာအိုဒေသအတွက် ကောလိပ်/သိပ္ပံဖွင့်လှစ်နိုင်ရေး လေ့လာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စံကိုက်ကျောင်းများ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရန်နှင့် လက်ရှိတွင် နိုင်ငံတစ်ဝန်း စံကိုက်ကျောင်း ၅၇၈ ကျောင်းရှိပြီး စံကိုက်ကျောင်းများ ဖြစ်လာစေရန်ဆောင်ရွက်ပါက Master Plan ရေးဆွဲ ဆောင်ရွက်ရန်နှင့် လာမည့်ဘတ်ဂျက်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် စံကိုက်ကျောင်းဖြစ်နိုင်သည့် ကျောင်းများကို ဦးစားပေး လုပ်ဆောင်ရန် ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက မှာကြားခဲ့သည်ဟု သိရသည်။
ထို့အတူ အယ်လ်နီညိုနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ရေရှားပါးနိုင်သဖြင့် ရေကို ချွေတာသုံးစွဲရန်၊ မိုးရေစုဆောင်းရန်နှင့် ရေရှားပါးသည့် ဒေသများတွင် ရေသိုလှောင်မှု တိုးမြှင့်ရန်၊ ရေကို ဖြစ်နိုင်သည့်နည်းဖြင့် စုဆောင်းထားရန်၊ ချွေတာသုံးစွဲရန်နှင့် ရေချိုရှားပါးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေရရှိနိုင်သည့်အချိန်အတွင်း သစ်ပင်များကို စိုက်ပျိုးရန်နှင့် အရိပ်အာဝါသရရှိရေးအတွက် ရည်ရွယ်ဆောင်ရွက်ကြရန်၊ သစ်ပင်စိုက်ရာတွင်လည်း အမှန်တကယ်ရှင်သန်ကြီးထွားနိုင်ရေးကို အလေးထားဆောင်ရွက်ရန်၊ ပတ်ဝန်းကျင် စိမ်းလန်းသာယာစိုပြေရေးအတွက် ခြုံများရှင်းရန်နှင့် ကျောင်းများ၊ တက္ကသိုလ်များတွင် ခြုံများရှင်းလင်းနိုင်ရေး ဝိုင်းကူရန်လိုအပ်ကြောင်းလည်း နိုင်ငံတော်သမ္မတက မှာကြားသည်။
အထက်ပါ မှာကြားမှုများအပြင် အခွန်အခများမှန်ကန်စွာ ကောက်ခံရန်လိုအပ်ကြောင်း၊ အခွန်ရှောင်သူများရှိနေဆဲ ဖြစ်သဖြင့် အပြည့်အဝရရှိရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဥပဒေပြုရေးကိစ္စများ ဆောင်ရွက်ရန် လိုအပ်နေပြီး အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား (၂) နှင့် ပတ်သက်၍ ပြဌာန်းဖို့လိုအပ်သည့် ဥပဒေများကို ရေးဆွဲရန် ဖြစ်ကြောင်းအပြင် မှတ်ပုံတင်အတုများနှင့် နိုင်ငံသားအယောင်ဆောင်မှုများကို စစ်ဆေးဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူရန်လိုပြီး၊ မသမာသောနည်းလမ်းဖြင့် နိုင်ငံသားဖြစ်လာစေရန် ဆောင်ရွက်မှုများကို ပြန်လည်စိစစ်ရန်၊ သံသယရှိသည့် မြို့နယ်၊ ရပ်ကွက်များတွင် Spot Check ပြုလုပ်ရန်နှင့် မှတ်ပုံတင်အချက်အလက်များ မှန်ကန်မှု ရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ကြောင်းပါ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မှာကြားခဲ့သည်ဟု သိရသည်။
