သက်တံ့
၂၃. ၉. ၂၀၂၆
ထိုင်းနိုင်ငံ၊ ချွန်ဘူရီ (Chon Buri) ကမ်းလွန်တွင် သင်္ဘောသား ၂၂ ဦး လိုက်ပါလာသည့် ငါးဖမ်းလှေတစ်စီး နစ်မြုပ် တိမ်းမှောက်ခဲ့ရာ ၃ ဦး သေဆုံးကြောင်း အတည်ပြုထားပြီး၊ ၄ ဦး ပျောက်ဆုံးကာ ၁၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ရေကြောင်းအာဏာပိုင်များက ပြောကြားခဲ့သည်။
“S. Kanchanawari 888” ဟု အမည်ရသော ထိုင်းငါးဖမ်းလှေသည် တနင်္လာနေ့ည ၁၀ နာရီခန့်တွင် ပြင်းထန်သော လေပြင်းများနှင့် လှိုင်းကြီးမှုများကြောင့် ချွန်ဘူရီကမ်းလွန်မှ ၄ နာရီမှ ၅ နာရီခန့် အကွာအဝေးရှိ ဆာမဲဆန် (Samae San) ရေနက်ရေလက်ကြား၌ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။
အနီးအနားရှိ ငါးဖမ်းလှေများက အရေးပေါ် အကူအညီတောင်းခံမှုကို တုံ့ပြန်ခဲ့ပြီး သင်္ဘောသား ၁၅ ဦးကို ကယ်ဆယ်နိုင်ခဲ့သည်။ လှေပေါ်တွင် ထိုင်းနိုင်ငံသား ၂ ဦးနှင့် မြန်မာနိုင်ငံသား ၂၀ ဦး ပါဝင်ခဲ့သည်။ သေဆုံးသူများထဲတွင် စက်လှေပဲ့နင်း (ကပ္ပတိန်) လည်း ပါဝင်ကြောင်း သတင်းရရှိသည်။
ကယ်ဆယ်ရရှိခဲ့သည့် လှေလုပ်သား ၁၅ ဦးကို ချွန်ဘူရီခရိုင်၊ ဆက်တာဟိပ့် (Sattahip) မြို့နယ်ရှိ ချောင်းဆာမဲဆန် (Chong Samae San) ကမ်းခြေသို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။

ဆာမဲဆန်မြို့တော်ဝန်နှင့် ချောင်းဆာမဲဆန် ငါးဖမ်းလုပ်ငန်းအသင်း ဥက္ကဋ္ဌဖြစ်သူ ပရာဆတ် ဖိသက်ကွန် (Prasert Phitakkorn) က အင်္ဂါနေ့နံနက် ၅ နာရီခန့်တွင် ယင်းမတော်တဆမှုကို စတင်ကြားသိခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အစောပိုင်း သတင်းအချက်အလက်များအရ လှေသည် မနက်ပိုင်းမတိုင်မီ နာရီပေါင်းများစွာကတည်းက နစ်မြုပ် တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။
ပျောက်ဆုံးနေသည့် လှေလုပ်သားများကို ရှာဖွေရေးလုပ်ငန်းများတွင် ကူညီရန်အတွက် ထိုင်းရေတပ်က ကင်းလှည့်ရေယာဉ် “Tor 112″၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရဟတ်ယာဉ်တစ်စီးနှင့် ရေတပ်ရေငုပ်သမားများကို စေလွှတ်ထားသည်။
ဆက်တာဟိပ့် မဲဆန္ဒနယ်မှ ချွန်ဘူရီ လွှတ်တော်အမတ် သာနာသွန် ပရာမွန်ဖုန်း (Thanathorn Pramuanphong) ကလည်း ကယ်ဆယ်ရေးလုပ်ငန်းများကို စောင့်ကြည့်ကူညီပေးလျက်ရှိသည်။
အဆိုပါ ရေယာဉ်သည် လာမ်ပူးချောင် (Laem Pu Chao) တောင်မှ ရေမိုင် ၄၀ ခန့်အကွာ မြောက်လတ္တီကျု ၁၁°၅၆.၉၃’ နှင့် အရှေ့လောင်ဂျီကျု ၁၀၀°၅၀.၃၀’ တည်နေရာ၌ တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ရေကြောင်းအာဏာပိုင်များက အသေးစိတ် စုံစမ်းစစ်ဆေးလျက်ရှိသည်။
Ref: Bangkok Post
