သက်တံ့
၂၃. ၉. ၂၀၂၆
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်နှင့် တွေ့ဆုံရန် ဝါရှင်တန်သို့ ဦးတည်၍ ဗုဒ္ဓဟူးနေ့တွင် ဘေဂျင်းမှ ထွက်ခွာသွားပြီဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။
ယခုကဲ့သို့ စိတ်ဝင်စားမှု မြင့်မားနေသည့် တွေ့ဆုံဆွေးနွေးပွဲသည် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာသော ဉာဏ်ရည်တု (AI) စနစ်များနှင့် ပတ်သက်၍ နှစ်နိုင်ငံစလုံးတွင် စိုးရိမ်မှုများ မြင့်တက်နေချိန်နှင့် ကုန်သွယ်ရေး တင်းမာမှုများကို လျှော့ချရန် နှစ်ဖက်စလုံးက ကြိုးပမ်းနေချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ရှီကျင့်ဖျင်သည် အထူးလေယာဉ်ဖြင့် ဘေဂျင်းမှ ထွက်ခွာသွားခဲ့ပြီး ဇနီး ဖုန်းလီယွမ် (Peng Liyuan)၊ ၎င်း၏ ညာလက်ရုံး စိုက်ချီ (Cai Qi)၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) တို့အပါအဝင် အခြားတာဝန်ရှိသူများ လိုက်ပါသွားကြောင်း တရုတ်နိုင်ငံပိုင် CCTV ရုပ်သံလိုင်းက ပြောကြားခဲ့သည်။
အိမ်ဖြူတော်၏ ပြောကြားချက်အရ သမ္မတ ထရမ့်ပ်သည် ကြာသပတေးနေ့ တွေ့ဆုံပွဲများ မပြုလုပ်မီ ရှီကျင့်ဖျင် “Andrews ပူးတွဲလေတပ်စခန်း” သို့ ရောက်ရှိချိန်၌ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြိုဆိုမည် ဖြစ်သည်။
လွန်ခဲ့သော မေလက ထရမ့်ပ်သည် ဘေဂျင်းသို့ ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိခဲ့စဉ်ကမူ တရုတ်ဒုတိယသမ္မတက လာရောက်ကြိုဆိုခဲ့ခြင်းဖြစ်သည်။
ရှီကျင့်ဖျင်နှင့် ဖုန်းလီယွမ်တို့သည် ကြာသပတေးနေ့နံနက်ပိုင်းတွင် အိမ်ဖြူတော်၌ ကျင်းပမည့် စစ်ဘက်ဆိုင်ရာ လေယာဉ်များ ပျံသန်းအလေးပြုပွဲ ပါဝင်သော ကြိုဆိုဧည့်ခံပွဲ အခမ်းအနားသို့ တက်ရောက်မည်ဖြစ်သည်။
ခေါင်းဆောင်နှစ်ဦးသည် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ကြမည်ဖြစ်ပြီး ထရမ့်ပ်က ရှီ့အတွက် အိမ်ဖြူတော်၌ ညနေပိုင်းတွင် နိုင်ငံတော်ဧည့်ခံပွဲ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံမည်ဖြစ်သည်။ ခရီးစဉ်ကို သောကြာနေ့နံနက်တွင် ရုပ်သိမ်းမည်ဖြစ်ပြီး သမ္မတဇနီးမောင်နှံနှစ်စုံသည် အိမ်ဖြူတော်၌ လက်ဖက်ရည်သောက်သုံးကြမည်ဖြစ်ကာ ယင်းနောက် အမျိုးသားမော်ကွန်းတိုက်သို့ သွားရောက်ကြည့်ရှုခြင်းဖြင့် ခရီးစဉ်ကို အဆုံးသတ်မည်ဖြစ်သည်။
ယခုခရီးစဉ်သည် “နှစ်နိုင်ငံဆက်ဆံရေးတွင် ထင်ရှားသော မှတ်တိုင်တစ်ခု” ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။ သို့သော် ခေါင်းဆောင်နှစ်ဦး၏ တွေ့ဆုံမှုတွင် တင်းမာမှုဖြစ်စေသည့် အကြောင်းအရာ အများအပြား ပါဝင်လာနိုင်ပြီး ထရမ့်ပ်က သတင်းထောက်များသို့ ပြောကြားရာတွင် ရှီနှင့် ” အရာအားလုံးကို ဆွေးနွေးမည်” ဟု ဆိုခဲ့သည်။
ပေကျင်းသည် တီဟီရန်နှင့် ဆက်ဆံနေသည့် နိုင်ငံများအပေါ် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်ရှားရန် ကြိုးပမ်းနေချိန်တွင် ထရမ့်ပ်၏ အီရန်စစ်ပွဲက အရိပ်မိုးလျက်ရှိသည်။ ပေကျင်းသည် အမေရိကန်စစ်သည်များကို တိုက်ခိုက်ရန် အီရန်အား ထောက်လှမ်းရေးအချက်အလက်များ ပံ့ပိုးပေးခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း အမေရိကန်သမ္မတနှင့် တွေ့ဆုံရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
ကုန်သွယ်ရေးစစ်ပွဲသည် ပိုမိုကြီးမားသော စိုးရိမ်စရာဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံနှစ်ခုသည် ထရမ့်ပ်၏ ကမ္ဘာလုံးဆိုင်ရာ အခွန်တိုးမြှင့်မှုများကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲဆိုးကျိုးများကို လျှော့ချရန် ယခုထက်ထိ ကြိုးပမ်းနေဆဲဖြစ်သည်။
တရုတ်က ပိုင်နက်အဖြစ် တောင်းဆိုထားသည့် ထိုင်ဝမ်ကျွန်းနှင့် ပတ်သက်၍ စစ်ပွဲဖြစ်ပွားနိုင်သည့် ခြိမ်းခြောက်မှုသည်လည်း ကြီးမားစွာ တည်ရှိနေသည်။
သို့သော်လည်း လေ့လာဆန်းစစ်သူများက ခိုင်မာသော သဘောတူညီချက်များစွာ ထွက်ပေါ်လာမည် မဟုတ်ကြောင်း သတိပေးပြီး မျှော်လင့်ချက်များကို လျှော့ချထားကြသည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့် (Scott Bessent) နှင့် တရုတ်ဒုတိယဝန်ကြီးချုပ် ဟဲလီဖုန်း (He Lifeng) တို့အကြား ပြုလုပ်ခဲ့သော အကြိုဆွေးနွေးပွဲများတွင် AI ဆိုင်ရာ စိုးရိမ်မှုများအတွက် ဆက်သွယ်ရေးလမ်းကြောင်း ဖန်တီးရန် ဆွေးနွေးခဲ့ကြသော်လည်း အသေးစိတ်အချက်အလက် အနည်းငယ်မျှသာ ထုတ်ပြန်ခဲ့သည်။
ဘက်ဆန့်က နှစ်ဖက်စလုံးသည် “US-China AI dialogue” ဟုခေါ်သော AI ကိစ္စရပ်များဆိုင်ရာ ဆက်သွယ်ရေးနည်းလမ်းတစ်ခု ထူထောင်ရန် ဆွေးနွေးခဲ့ကြကြောင်း အဆိုပါအချိန်က ပြောကြားခဲ့သည်။
“နှစ်နိုင်ငံကြား အကြောင်းကြားစာပေးပို့သည့် ယန္တရားတစ်ခု ထားရှိဖို့ အမေရိကန်က အဆိုပြုထားပါတယ်” ဟု ဘက်ဆန့်က ပြောကြားခဲ့သည်။
ထောင်ဒဏ်ကျခံနေရသော ဟောင်ကောင်ဒီမိုကရေစီရေး လှုပ်ရှားသူ မီဒီယာလုပ်ငန်းရှင် ဂျင်မီလိုင် (Jimmy Lai) ၏ သားဖြစ်သူက ဝါရှင်တန်မှနေ၍ အသက် ၇၈ နှစ်အရွယ်ရှိ ၎င်း၏ဖခင်အား လွှတ်ပေးရန် ရှီကျင့်ဖျင်ထံ တောင်းဆိုခဲ့သည်။ သို့သော် ထရမ့်ပ်က မေလတွင် ဂျင်မီလိုင်၏ အခြေအနေကို ရှီကျင့်ဖျင်နှင့် ဆွေးနွေးခဲ့ပြီးဖြစ်ကာ ပြန်လည်လွတ်မြောက်လာရန် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ သို့သော် ပေကျင်းသည် ထရမ့်ပ်က ရှီကျင့်ဖျင်ထံ တောင်းဆိုခဲ့ပြီးနောက် တရား၀င်မှတ်ပုံမတင်သော ခရစ်ယာန်အသင်း ထူထောင်သူ အက်ဇရာဂျင် (Ezra Jin) ကိုမူ ပြန်လည် လွှတ်ပေးခဲ့သည်။
တရုတ်၏ စိစစ်ဆွေးနွေးရေး လက်နက်များထဲတွင် အမေရိကန် ထုတ်လုပ်သူများအတွက် မရှိမဖြစ် လိုအပ်သော နည်းပညာမြင့် ထုတ်ကုန်များတွင် အသုံးပြုသည့် မြေရှားပစ္စည်းများ (Rare earths) ပံ့ပိုးမှု၌ စိုးမိုးထားနိုင်မှု ပါဝင်သည်။ တရုတ်သည် မြေရှားပစ္စည်း တင်ပို့မှုအပေါ် တင်းကျပ်သော ထိန်းချုပ်မှုများ ချမှတ်ခဲ့ပြီးနောက် လွန်ခဲ့သည့်နှစ်က အမေရိကန်အား ယင်း၏ မြင့်မားသော အခွန်တိုးမြှင့်မှုများမှ နောက်ဆုတ်သွားအောင် အောင်မြင်စွာ ဖိအားပေးနိုင်ခဲ့သည်။
Ref: AP Via Bangkok Post
