သက်တံ့
၂၃. ၉. ၂၀၂၆
အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာညီလာခံ (ICCOS-2026) ကို ဖနွမ်ပင်မြို့၌ ကမ္ဘောဒီးယားနိုင်ငံက ယနေ့ စတင်ကျင်းပခဲ့သည်။ ပိုမိုဆန်းသစ်လာသော နယ်စပ်ဖြတ်ကျော် အွန်လိုင်းလိမ်လည်မှု ကွန်ရက်များကို ပူးပေါင်းတိုက်ဖျက်ရန် အမေရိကန် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI)၊ တရုတ်၊ အင်တာပိုလ် (INTERPOL)၊ အခြားနိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုံညီစွာ တက်ရောက်ခဲ့ကြသည်။
စက်တင်ဘာ ၂၃ ရက်မှ ၂၄ ရက်အထိ နှစ်ရက်ကြာ ကျင်းပမည့် အဆိုပါ ညီလာခံကို Sofitel Phnom Penh Phokeethra ဟိုတယ်၌ ပြုလုပ်ခြင်းဖြစ်ပြီး “အွန်လိုင်းလိမ်လည်မှု ကွန်ရက်များကို ဖြတ်တောက် ပပျောက်စေရေး အတူတကွ ပူးပေါင်းဆောင်ရွက်စို့” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပနေခြင်းဖြစ်သည်။
ညီလာခံတွင် အစိုးရတာဝန်ရှိသူများ၊ တရားဥပဒေစိုးမိုးရေး အေဂျင်စီများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဘဏ္ဍာရေးအဖွဲ့အစည်းများ၊ နည်းပညာကုမ္ပဏီများနှင့် အခြားသက်ဆိုင်သူများ ပါဝင်ပြီး အတွေ့အကြုံများ ဖလှယ်ကာ အွန်လိုင်းလိမ်လည်မှုများအား ပူးပေါင်းတိုက်ဖျက်ရေးကို မြှင့်တင်သွားမည်ဖြစ်သည်။
ကမ္ဘောဒီးယားအစိုးရက နယ်စပ်ဖြတ်ကျော် ဒုစရိုက်ကွန်ရက်များကို နှိမ်နင်းရန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေးလိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပြီး၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နည်းပညာသုံး လိမ်လည်မှုများကို နှိမ်နင်းရာတွင် ရရှိခဲ့သည့် သိသာထင်ရှားသော ရလဒ်များကို ယခုညီလာခံတွင် ထုတ်ဖော်ပြသခဲ့သည်။
ကမ္ဘောဒီးယား နည်းပညာသုံး လိမ်လည်မှုများ တိုက်ဖျက်ရေး ကော်မရှင် (CCTC)၏ အစီရင်ခံစာအရ ၂၀၂၄ ခုနှစ် ဇူလိုင်လမှ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ ကမ္ဘောဒီးယား အာဏာပိုင်များသည် လိမ်လည်မှုကျူးလွန်သည့် စခန်းပေါင်း ၈၆ ခုကို ဖြိုခွင်းနိုင်ခဲ့ကြောင်း သိရသည်။ ထို့အပြင် အဓိက အွန်လိုင်းလိမ်လည်မှု ကွန်ရက်များနှင့် ဆက်စပ်နေသော ကာစီနို ၂၇ ခုကိုလည်း ပိတ်သိမ်းခဲ့သည်။
အစီရင်ခံစာတွင် နိုင်ငံပေါင်း ၂၉ နိုင်ငံမှ သံသယရှိသူ ၃,၅၂၇ ဦး ပါဝင်သည့် အမှုပေါင်း ၄၄၆ မှုကို တရားရုံးသို့ တင်ပို့ထားကြောင်း ဖော်ပြထားသည်။ အာဏာပိုင်များသည် နိုင်ငံပေါင်း ၃၈ နိုင်ငံမှ နိုင်ငံခြားသား ၂၂,၀၀၀ ခန့်ကို စိစစ်ပြီး မိခင်နိုင်ငံများသို့ ပြန်လည်ပို့ဆောင်ရေး ဆောင်ရွက်ပေးခဲ့သည်။

ထို့အပြင် နှိမ်နင်းရေးစစ်ဆင်ရေးနှင့် ဆက်စပ်နေသော ဘဏ်အကောင့်များမှ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့်ကို သိမ်းဆည်းရမိခဲ့ပြီး အခြားပိုင်ဆိုင်မှုများနှင့် အိမ်ခြံမြေများကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။
အစိုးရက အွန်လိုင်းလည်လည်မှုများကို အစိုးရတစ်ရပ်လုံး၊ လူ့အဖွဲ့အစည်းတစ်ခုလုံး ပူးပေါင်းဖြေရှင်းရမည့် နယ်စပ်ဖြတ်ကျော် ခြိမ်းခြောက်မှုအဖြစ် ဖော်ပြခဲ့သည်။ ဥပဒေစိုးမိုးရေး မူဝါဒများကို ပေါင်းစပ်ရန်၊ အဖွဲ့အစည်းများကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် နယ်စပ်ဖြတ်ကျော် လှုပ်ရှားနိုင်သည့် အားနည်းချက်များကို ပြုပြင်ရန် CCTC ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံအား နည်းပညာသုံး လိမ်လည်မှုများအတွက် အခြေစိုက်စခန်းအဖြစ် အသုံးပြုခြင်းမှ တားဆီးရန် ဥပဒေမူဘောင်များ ခိုင်မာရေး၊ ဥပဒေစိုးမိုးရေး တင်းကြပ်ရေး၊ ဌာနဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေးတို့သည် အစိုးရ၏ နည်းဗျူဟာတွင် ပါဝင်ကြောင်း ဖော်ပြခဲ့သည်။
ယခုနှစ် ဧပြီလတွင် ပြဋ္ဌာန်းခဲ့သည့် နည်းပညာသုံး လိမ်လည်မှုများ တိုက်ဖျက်ရေး ဥပဒေသည် ယခုနှိမ်နင်းရေး လုပ်ငန်းများကို ထောက်ကူပေးလျက်ရှိသည်။ ထိုဥပဒေတွင် နည်းပညာသုံး လိမ်လည်မှုများအတွက် ကြီးလေးသော ပြစ်ဒဏ်များ (ကြီးလေးသော အမှုများတွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ) သတ်မှတ်ထားပြီး ခေါင်းဆောင်များနှင့် ပူးပေါင်းပါဝင်သူများကိုသာမက ယင်းဒုစရိုက်များကို သိရှိလျက် ကူညီပံ့ပိုးပေးသည့် အိမ်ရှင်၊ မြေရှင်များအားလည်း အရေးယူရန် ပစ်မှတ်ထားထားသည်။
မိမိတို့၏ နှိမ်နင်းရေးလှုပ်ရှားမှုသည် ဒုစရိုက်ကွန်ရက်များကို ဖြိုခွင်းရန်၊ နစ်နာသူများကို ကာကွယ်ရန်၊ ကမ္ဘောဒီးယား၏ ဒစ်ဂျစ်တယ်လုံခြုံရေးကို ခိုင်မာစေရန်နှင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာ ကြိုးပမ်းမှုများတွင် ပါဝင်ကူညီရန် ရည်ရွယ်ကြောင်း အစိုးရက ပြောကြားခဲ့သည်။
Ref: Phnom Penh Post
