MT News
၂၃. ၉. ၂၀၂၆
အမေရိကန် အခြေစိုက်ပြီး နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိသည့် TIME မဂ္ဂဇင်းက နိုင်ငံတော်သမ္မတနှင့် အင်တာဗျူးတွေ့ဆုံခွင့် တောင်းခံပြီးနောက် ပြန်လည် ရေးသားဖော်ပြရာတွင် မူလအင်တာဗျူးရည်ရွယ်ချက်နှင့် ကွဲလွဲနေပြီး နိုင်ငံတော်သမ္မတ၏ ဖြေကြားချက်များကို အပြည့်အဝ ထင်ဟပ်ဖော်ပြခြင်းမရှိသဖြင့် Time မဂ္ဂဇင်းနှင့် သတင်းထောက်တို့၏ ကျင့်ဝတ်ဖောက်ဖျက်မှုအပေါ် ရှုတ်ချကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ယခုည ထုတ်ပြန်သည်။
Time မဂ္ဂဇင်းအနေဖြင့် မြန်မာအစိုးရက ပြည်ထောင်စုမပြိုကွဲရေးနှင့် အမျိုးသားစည်းလုံး ညီညွတ်ရေးကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်သည့် နိုင်ငံတော်၏ သမိုင်းဝင် အခန်းကဏ္ဍ၊ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ခဲ့မှုများ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၏ အောင်မြင်မှုများကို ယင်းတို့၏မဂ္ဂဇင်းတွင် “the Future of Myanmar” ခေါင်းစဉ်ဖြင့် ရေးသား ဖော်ပြရန် အင်တာဗျူးပြုလုပ်လိုကြောင်း မြန်မာသံရုံး၊ စင်ကာပူမှတစ်ဆင့် မေတ္တာရပ်ခံအဆိုပြုလာခဲ့သည်။



Time Magazine သည် ဂုဏ်သိက္ခာရှိသော သတင်းဌာနတစ်ခုဖြစ်သည့်အတွက် အဆိုပြု မေတ္တာရပ်ခံချက်အပေါ် အပြုသဘောဆောင် တုံ့ပြန်သည့်အနေဖြင့် သတင်းထောက် Charlie Campbell အား နိုင်ငံတော်သမ္မတက လက်ခံတွေ့ဆုံခဲ့ပြီး မေးမြန်းသည့်မေးခွန်းများကို လက်ခံ ဖြေကြားခဲ့သည်။ သို့သော် ၎င်းသည် Time Magazine Online Media တွင် ဖော်ပြခဲ့ရာ၌ မူလ အင်တာဗျူး ဆောင်ရွက်ခဲ့သည့် အမေး၊ အဖြေ အင်တာဗျူးပုံစံမဟုတ်ဘဲ ဆောင်းပါးပုံစံဖြင့် ရေးသားဖော်ပြခဲ့သည့်အပြင်၊ အမှန်တကယ်ဖြေကြားခဲ့မှုများကိုလည်း ထင်ဟပ်ဖော်ပြခဲ့ခြင်း မရှိခဲ့ချေ။ ထို့ပြင် မလိုလားအပ်သော အပြုသဘောမဆောင်သော ရေးသားချက်များ၊ အခြား ပုဂ္ဂိုလ်များနှင့် တွေ့ဆုံ မေးမြန်းမှုများနှင့် သုံးသပ်ချက်များကိုလည်း ထည့်သွင်းဖော်ပြခဲ့သည်။
Time Magazine နှင့် သတင်းထောက်တို့က မီဒီယာကျင့်ဝတ် (Media Ethics) နှင့် မလျော်ညီစွာ ကနဦး ဆွေးနွေးသဘောတူညီချက်တွင် မပါဝင်သည့် အကြောင်းအရာများအား အလေးပေး ဖော်ပြ၍ နိုင်ငံတကာမှ မြန်မာအစိုးရနှင့် မြန်မာနိုင်ငံအပေါ် အထင်အမြင်လွဲမှား စေမည့်အသုံးအနှုန်းများကို သုံးနှုန်းကာ ၎င်းတို့စိတ်ကြိုက် ရေးသားဖော်ပြခဲ့သည်။ (နိုင်ငံတော်သမ္မတနှင့် သတင်းထောက် Charlie Campbell ၏ အမေးအဖြေများကိုလည်း ဆက်လက်ထုတ်လွှင့်ဖော်ပြသွားမည် ဖြစ်သည်။)
သို့ဖြစ်ရာ Time Magazine ၏ သတင်းထောက်ဖြစ်သော Charlie Campbell ၏ ရေးသားချက်များသည် မီဒီယာကျင့်ဝတ်သိက္ခာကို စောင့်ထိန်းလိုက်နာခြင်း မရှိသည့်အတွက် ပြစ်တင်ရှုတ်ချကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
