





၂၃.၉.၂၀၂၆
Written By Thandar
ဂျပန်နိုင်ငံ နာဂိုရာမြို့မှာ စက်တင်ဘာလ ၁၇ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲရဲ့ တက်ဂ်ဘောအားကစားပြိုင်ပွဲမှာ အာရှထိပ်တန်းနိုင်ငံတွေကို ရင်ဆိုင်ကျော်ဖြတ်ပြီး ဆုတံဆိပ်တွေဆွတ်ခူးခဲ့တဲ့ နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်တက်ဂ်ဘောအသင်းသားတွေကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နဲ့ မြန်မာနိုင်ငံတက်ဂ်ဘောအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါက်တာထက်ခိုင်ဝင်းတို့က ဂုဏ်ပြုဆုငွေကျပ်သိိန်း(၆၀၀)စီ ချီးမြှင့်ခဲ့ပါတယ်။
အဆိုပါအာရှအားကစားပြိုင်ပွဲမှာ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲက မြန်မာတက်ဂ်ဘောကစားမယ် ခင်နှင်းဝေက အုပ်စုတွင်းပွဲစဉ်တွေမှာ ကွားတားဖိုင်နယ်၊ ဆီးမီးဖိုင်နယ်တွေမှာ ပြိုင်ဘက်ကို ပွဲတိုင်းအနိုင်ရယူခဲ့ပြီး နောက်ဆုံးဗိုလ်လုပွဲမှာလည်း အင်ဒိုနီးရှားကစားသမားကို နှစ်ပွဲပြတ်အနိုင်ယူကာ ထိုက်တန်စွာဗိုလ်စွဲခဲ့ပါတယ်။ ဒီအတွက်ကြောင့် မြန်မာနိုင်ငံတက်ဂ်ဘောအဖွဲ့ချုပ်နဲ့ နိုင်ငံတော်အတွက် ပထမဆုံး အာရှပြိုင်ပွဲရွှေတံဆိပ်ဆုကို ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။
မြန်မာတက်ဘောဂ်အသင်းက ယခုပြိုင်ပွဲမှာအမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသားနဲ့အမျိုးသမီးနှစ်ယောက်တွဲ (Mixed Doubles) ပြိုင်ပွဲ စတဲ့ ပြိုင်ပွဲအမျိုးအစား သုံးခုနဲ့ ပါဝင်ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။
ထို့အတူ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲမှာလည်း မြန်မာတက်ဂ်ဘောအားကစားမယ် ဆုမွန်အောင်နဲ့ ဖြူဖြူသန်းတို့က ပြိုင်ဘက်တွေကို ကျော်ဖြတ်အနိုင်ယူပြီး နောက်ဆုံးဗိုလ်လုပွဲမှာ နာမည်ကြီးကမ္ဘာ့အဆင့်(၁)ထိုင်းအသင်းကို စိတ်ဓာတ်ပြင်းပြစွာရင်ဆိုင်ယှဉ်ပြိုင်ခဲ့ပေမယ့်လည်း ဒုတိယငွေတံဆိပ်နဲ့သာကျေနပ်ခဲ့ရတာဖြစ်ပါတယ်။
မြန်မာတက်ဂ်ဘောကစားသမားစောဖရိုက်ဒေးကလည်း ပြိုင်ပွဲတစ်လျှောက်နာမည်ကြီးပြိုင်ဘက်တွေကိုကျော်ဖြတ်အနိုင်ယူပြီး ဆီးမီးဖိုင်နယ်ပြိုင်ပွမှာ နာမည်ကြီးအီရတ်ကစားသမားကို နှစ်ပွဲစလုံးအမှတ်အသာနဲ့ Game Point နှစ်ကြိမ်တိုင်တိုင်ဦးဆောင်ကစားနိုင်ခဲ့ပေမယ့်လည်း ဒဏ်ရာအခြေအနေနဲ့ အမှားလေးအချို့လုပ်ခဲ့မိတာမို့ ဗိုလ်လုပွဲနဲ့ ကပ်လွဲခဲ့ရပါတယ်။
တတိယလုပွဲမှာတော့ စောဖရိုက်ဒေးက ဖိလစ်ပိုင်ကစားသမားကို နှစ်ပွဲပြတ်အနိုင်ယူပြီး နိုင်ငံအတွက်ကြေးတံဆိပ်ဆုကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။
တက်ဂ်ဘောအားကစားအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းခဲ့တာဆိုရင် တစ်နှစ်ခွဲမပြည့်ခင်အချိန်တိုကာလအတွင်း ယခုလို အာရှအားကစားပြိုင်ပွဲကြီးမှာ ပြိုင်ပွဲ (Event)သုံးမျိုးပါဝင်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁)ခုနဲ့ ကြေးတံဆိပ်(၁)ခု ဆွတ်ခူးပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့ မြန်မာ့လက်ရွေးစင်တက်ဂ်ဘောအသင်းသားတွေကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီက ဂုဏ်ပြုဆုကြေးငွေကျပ်သိန်း (၆၀၀)၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌဦးဇော်ဇော်နှင့်မြန်မာနိုင်ငံတက်ဂ်ဘောအဖွဲ့ချုပ်ဥက္ကဌဒေါက်တာထက်ခိုင်ဝင်းတို့ကလည်း ဂုဏ်ပြုဆုငွေကျပ်သိိန်း(၆၀၀)စီ ချီးမြှင့်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒ့ါပြင် နိုင်ငံဂုဏ်ဆောင်အာရှဆုတံဆိပ်ရှင် မြန်မာတက်ဂ်ဘောအသင်းသားတွေကို မြန်မာနိုင်ငံတက်ဂ်ဘောအဖွဲ့ချုပ် ဒုတိယဥက္ကဌဦးချစ်ကိုကိုနဲ့အထွေထွေအတွင်းရေးမှူး ဦးဖြိုးဇာနည်တို့ကလည်း ဂုဏ်ပြုဆုငွေကျပ်သိိန်း(၃၀၀)စီ ထပ်ဆောင်းချီးမြှင့်ပေးခဲ့ပြီး စုစုပေါင်းဂုဏ်ပြုဆုငွေ ၂၄၀၀ သိန်း ဂုဏ်ပြုချီးမြှင့်ခဲ့ဖြစ်ပါတယ်။
မကြာမီ ရက်ပိုင်းမှာ ဂုဏ်ပြုပွဲအခမ်းအနားတစ်ခုကိုလည်း ထပ်မံ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။
