၂၄.၉.၂၀၂၆
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်နှင့် ဇနီး ပန်လီယွမ်တို့က ဆယ်စုနှစ်တစ်ခုတာ ကာလအတွင်း ဝါရှင်တန်မြို့သို့ နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် စက်တင်ဘာလ ၂၂ ရက်မွန်းလွဲပိုင်းက ဝါရှင်တန်မြို့အပြင်ဘက်ရှိ Joint Base Andrews စစ်အခြေစိုက်စခန်းလေဆိပ်သို့ ရောက်ရှိလာခဲ့ရာ အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်နှင့် ဇနီး မီလာနီယာ ထရမ့်ပ်တို့က လေယာဉ်ဆင်းသက်ရာနေရာ၌ပင် နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
သမ္မတထရမ့်ပ်က အခြားခေါင်းဆောင်များနှင့် မတူဘဲ ရှီအား အိမ်ဖြူတော်တွင်သာ စောင့်ဆိုင်းကြိုဆိုမည့်အစား ဤကဲ့သို့ လေဆိပ်သို့ ကိုယ်တိုင်သွားရောက်ကြိုဆို ဂုဏ်ပြုခြင်းက ရှားပါးသော ဖြစ်ရပ်တစ်ခုဖြစ်ကြောင်းလည်း ဆိုကြသည်။
အမေရိကန်စစ်သည်များက အနီရောင်ကော်ဇောခင်း၍ ကြိုဆိုခြင်းနှင့် စစ်ဘက်ဆိုင်ရာ လေယာဉ်များ ပျံသန်းပြသခြင်းတို့ ပါဝင်သည့် ကြိုဆိုမှုအခမ်းအနားဖြင့် တရုတ်ခေါင်းဆောင်၏ ဝါရှင်တန်မြို့သို့ သုံးရက်ကြာခရီးစဉ် စတင်ခဲ့ကြောင်းလည်း သိရသည်။
သမ္မတ ရှီ အနေဖြင့် ဝါရှင်တန်မြို့သို့ ရောက်ရှိပြီးနောက် စက်တင်ဘာလ ၂၃ ရက်တွင် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်သည်။ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံဆွေးနွေးရာတွင် ကုန်သွယ်ရေး၊ အီရန်နှင့် ယူကရိန်းစစ်ပွဲများ၊ ဉာဏ်ရည်တု နည်းပညာကဏ္ဍတို့က ဆွေးနွေးမည့် အဓိက အကြောင်းအရာများတွင် ပါဝင်မည်ဟု မျှော်လင့်ရသည်။
ရှီအနေဖြင့် အမေရိကန်ဘက်က ရှောင်ရှားလိုသည့် အကြောင်းအရာတစ်ခုဖြစ်သော ထိုင်ဝမ်ကိစ္စနှင့် ပတ်သက်၍ ထရမ့်ပ်အား ဖိအားပေးပြောဆိုဖွယ်ရှိပြီး ထရမ့်ပ် အနေဖြင့်လည်း ရှီ၏ကန့်ကွက်မှုများ ရှိသော်လည်း အမေရိကန်၏ တင်းကျပ်သော ပို့ကုန်ထိန်းချုပ်မှုမူဝါဒများကို ဆက်လက်ကိုင်စွဲထားဖွယ်ရှိကြောင်း သုံးသပ်ကြသည်။
သဘောထားကွဲလွဲမှုများစွာ ရှိနေသည့်ကြားမှ ပြုလုပ်မည့် ကမ္ဘာ့ထိပ်သီးခေါင်းဆောင်နှစ်ဦး၏ဆွေးနွေးပွဲက ကမ္ဘာ့မျက်နှာစာတွင် တည်ငြိမ်မှုနှင့် အင်အားကြီးမားမှုကို ပြသရန် ရည်ရွယ်ပြီး ထူးခြားသော တိုးတက်မှုရလဒ်တစ်ခု ပေါ်ပေါက်လာရန်မှာ မျှော်လင့်ချက်နည်းပါးကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။
ခရီးစဉ်အတွင်း နည်းပညာနယ်ပယ်မှ ထင်ရှားကျော်ကြားသူများနှင့်အတူ နိုင်ငံတော်အဆင့် ညစာစားပွဲကျင်းပခြင်းနှင့် လွတ်လပ်ရေးကြေညာစာတမ်းမူရင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေမူရင်းတို့ ထိန်းသိမ်းထားရှိရာ အမျိုးသားမှတ်တမ်းဌာနသို့ သွားရောက်လည်ပတ်ခြင်းတို့လည်း ပါဝင်မည် ဖြစ်သည်။
ဤခရီးစဉ်သည် ရှီအနေဖြင့် ဆယ်စုနှစ်တစ်ခုအတွင်း ဝါရှင်တန်မြို့သို့ ပထမဆုံးအကြိမ် လာရောက်သည့် နိုင်ငံတော်အဆင့် ခရီးစဉ်ဖြစ်ကြောင်းလည်း သိရသည်။
Ref-Xinhua, DW News
