MT News
၂၄. ၉. ၂၀၂၆
အမျိုးသားအဆင့် နျူကလီးယားစွမ်းအင် အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ အစည်းအဝေးကို စက်တင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ၏ ရေရှည်စွမ်းအင်လုံခြုံရေးအတွက် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးချနိုင်ရေး၊ နိုင်ငံတကာစံနှုန်းများနှင့်အညီ ဘေးကင်းလုံခြုံစွာ အကောင်အထည်ဖော်ရေးနှင့် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးထံမှ သိရသည်။
■ ရေရှည်စွမ်းအင်လုံခြုံရေးနှင့် နျူကလီးယားစွမ်းအင် အသုံးချရေး
မြန်မာနိုင်ငံ၏ တိုးပွားလာမည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ သဘာဝဓာတ်ငွေ့နှင့် အခြားစွမ်းအင်အရင်းအမြစ်များကို ပေါင်းစပ်အသုံးပြုသည့် Mix Energy စနစ်ကို အခြေခံ၍ နျူကလီးယားစွမ်းအင်ကိုလည်း ထည့်သွင်းလေ့လာသုံးသပ်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
ထို့ပြင် တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားရရှိရေးနှင့် ရေရှည်စွမ်းအင်လုံခြုံရေးအတွက် အသေးစားမော်ဂျူးဓာတ်ပေါင်းဖို (Small Modular Reactor – SMR) နည်းပညာအခြေပြု အဏုမြူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို ထည့်သွင်းလျာထားခဲ့ကြောင်း ပြောကြားခဲ့သည်။
■ ရုရှားနိုင်ငံနှင့် နျူကလီးယားနည်းပညာ ပူးပေါင်းဆောင်ရွက်ရေး
မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ မူဘောင်အတွင်းမှ အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးချရေး ဆောင်ရွက်လျက်ရှိပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် ROSATOM ကော်ပိုရေးရှင်းနှင့် နျူကလီးယားနည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ SMR နည်းပညာအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
ယင်းအပြင် ROSATOM နှင့် ပူးပေါင်း၍ နျူကလီးယားနည်းပညာဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ သိပ္ပံပွဲတော်များ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် ပြပွဲများ ကျင်းပလျက်ရှိပြီး ယခုနှစ် ဒီဇင်ဘာလဆန်းခန့်တွင်လည်း သိပ္ပံပွဲတော် ကျင်းပရန် လျာထားကြောင်း ပြောကြားခဲ့သည်။
■ နျူကလီးယား ဘေးကင်းလုံခြုံရေး၊ နိုင်ငံတကာစံနှုန်းများ လိုက်နာရေးနှင့် ကဏ္ဍစုံ အသုံးချရေး
နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးချရာတွင် ဘေးကင်းမှု၊ လုံခြုံမှုနှင့် အကာအကွယ်ပေးရေးဆိုင်ရာ အာမခံချက်များဖြစ်သည့် Safety, Security and Safeguards (3S) ကို အခြေခံမူအဖြစ် သတ်မှတ်ဆောင်ရွက်ရန်နှင့် IAEA ၏ နိုင်ငံတကာစံနှုန်းများနှင့်အညီ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ကျွမ်းကျင်သူများ ဖလှယ်မှုနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးထားဆောင်ရွက်ရန်လည်း နိုင်ငံတော်သမ္မတက မှာကြားခဲ့သည်။
အလားတူ နျူကလီးယားနည်းပညာကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက်သာမက ကျန်းမာရေး၊ စိုက်ပျိုးရေး၊ အစားအစာဘေးကင်းလုံခြုံရေး၊ စက်မှုလုပ်ငန်း၊ သုတေသနနှင့် သိပ္ပံနည်းပညာကဏ္ဍများတွင်လည်း ငြိမ်းချမ်းစွာအသုံးချနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
■ အမျိုးသားအဆင့် စီမံကိန်းများ အဆင့်လိုက် အကောင်အထည်ဖော်ရေး
အထက်ပါပြောကြားချက်များအပြင် နျူကလီးယားစွမ်းအင် အစီအစဉ်များကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံ၏ ရေရှည်စွမ်းအင်လိုအပ်ချက်၊ စီးပွားရေးအခြေအနေ၊ နည်းပညာစွမ်းရည်၊ လူ့စွမ်းအားနှင့် လုံခြုံရေးအခြေအနေများနှင့် ကိုက်ညီမှုရှိ၊ မရှိ စနစ်တကျ သုံးသပ်ဆောင်ရွက်ရန်လည်း နိုင်ငံတော်သမ္မတက မှာကြားခဲ့သည်။
ထို့သို့ အကောင်အထည်ဖော်မည့် စီမံကိန်းများအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဦးဆောင်ကော်မတီ၊ ပညာရှင်များနှင့် နိုင်ငံတကာမိတ်ဖက်များအကြား ပူးပေါင်းညှိနှိုင်း၍ ရှေ့ဆက်ဆောင်ရွက်မည့် Roadmap နှင့် Action Plan များကို စနစ်တကျ ရေးဆွဲဆောင်ရွက်ရန်နှင့် သတ်မှတ်ထားသည့် လုပ်ငန်းတာဝန်များကို အချိန်မီ၊ အရည်အသွေးပြည့်မီစွာ အကောင်အထည်ဖော်ကြရန်လည်း နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
