၂၄.၉.၂၀၂၆
Written by Linn Eain
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် နေအိမ်အတွင်းဝင်ရောက်၍ ရွှေထည်နှင့် ငွေကြေးများလုယက်ရန် ရည်ရွယ်ချက်ဖြင့် အိမ်ရှင်လင်မယားအား ဓား၊ ကတ်ကြေးတို့ဖြင့် ထိုးသတ်ခဲ့သည့် အမျိုးသားနှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ချမ်းမြသာစည်မြို့နယ် မြို့သစ်(၅) ရပ်ကွက် ၁၁၁(A)လမ်း၊ ၆၈(A) လမ်းနှင့် ၆၈(B)လမ်းကြားနေ ဒေါ်တင်ပြည့်(၆၃)နှစ်နှင့် ခင်ပွန်းဖြစ်သူ ဦးကျော်စိုး(၅၉)နှစ်တို့နှစ်ဦးသည် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက နေအိမ်အတွင်း၌ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများဖြင့် သတ်ဖြတ်ခံထားရကြောင်း သိရသည်။
ထို့ကြောင့် ကျူးလွန်သူ တရားခံများအား ဖမ်းဆီးရမိနိုင်ရေး နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်း၊ အခင်းဖြစ်ရပ်မှတ်တမ်းနှင့် နေအိမ်အတွင်း ဝင်ထွက်သွားလာသူများအား စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၅ ရက် ညနေပိုင်းတွင် မသင်္ကာ တရားခံများဖြစ်ကြသည့် ကျော်ဇင်(ခ)ကျော်ကြီး (၂၃)နှစ်နှင့် လမင်းထွန်း(ခ)ကရင် (၂၀)နှစ်တို့ နှစ်ဦးအား စစ်ဆေးခဲ့ရာ ၎င်းတို့ နှစ်ဦးသည် စက်တင်ဘာ ၁၄ ရက် ညပိုင်းတွင် ဒေါ်တင်ပြည့်၏နေအိမ်သို့သွားရောက်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ဒေါ်တင်ပြည့်နှင့် ဦးကျော်စိုးတို့နှစ်ဦးအား အသင့်ပါလာသောဓားနှင့် နေအိမ်ရှိ ကတ်ကြေးတို့ဖြင့် ခန္ဓာကိုယ် အနှံ့ထိုးသတ်ခဲ့ကြကြောင်း ဖော်ထုတ်သိရှိခဲ့ပြီး စက်တင်ဘာ ၂၂ ရက် ညနေပိုင်းတွင် ပြစ်မှုကျူးလွန် စဉ်အသုံးပြုခဲ့သည့် သက်သေခံ ဓားတစ်လက်နှင့် ကတ်ကြေး နှစ်လက်တို့အား ချမ်းမြသာစည် မြို့နယ် မြို့သစ်(၅)ရပ်ကွက် ၆၉ လမ်း သံလမ်းဘေးရှိ ချုံပုတ်အတွင်းမှ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ငွေကြေးလိုအပ်ချက်အရ အိမ်ရှင်လင်မယားအား သတ်ဖြတ်ခဲ့သူ မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ပတင်းရွာမကြီးကျေးရွာနေ ကျော်ဇင်(ခ) ကျော်ကြီး (၂၃)နှစ်နှင့် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် မိုးကြိုးပစ်ကျေးရွာနေ လမင်းထွန်း(ခ)ကရင် (၂၀)နှစ်တို့ နှစ်ဦးကို ချမ်းမြသာစည်မြို့နယ် အမှတ် (၁၁)နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
