၂၄.၉.၂၀၂၆
Witten By Thanda
၁၀၆ နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့နဲ့ ၄၉ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ နိဗ္ဗာန်ဈေးပွဲတော်ကို လာမယ့် အောက်တိုဘာလ ၁၃ ရက်မှာ ကျင်းပမှာဖြစ်ပြီး ၄၉ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲကိုတော့ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ ဝဇီရာဇာတ်ရုံကြီးမှာ ကျင်းပသွားမှာဖြစ်ပါတယ်။
“ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးအနေနဲ့ မြန်မာ့ရုပ်ရှင်နေ့ ၁၀၆ နှစ်မြောက်ကိုတော့ အစဉ်အလာမပျက် ကျင်းပနေနဲ့ ဗဟန်းမြို့နယ်မှာရှိတဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ဆက်လက်ကျင်းပသွားမှာပါ။ အရင်လို အနုပညာရှင်တွေရဲ့ မုန့်ဈေးတန်းတွေကိုလည်း ရုပ်ရှင်အစည်းအရုံးမှာ ဆက်လက်ကျင်းပမှာပါ။ ဒါပေမယ့် ဒီနှစ် ရုပ်ရှင်သက်ကြီးပူဇော်ပွဲကိုတော့ ရုပ်ရှင်အစည်းအရုံးရဲ့နေရာအခက်အခဲကြောင့် ဝဇီရာဇာတ်ရုံကြီးမှာ ကျင်းပသွားမှာပါ”လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောပါတယ်။
အဆိုပါသက်ကြီးပူဇော်ပွဲအတွက် အနုပညာရှင်တွေ စေတနာရှင်တွေ ပါဝင်လှူဒါန်းနေလျှက်ရှိနေပါတယ်။ ယခင်နှစ်က အနုပညာလောကရဲ့ အလွှာအသီးသီးက အသက် ၇၀ နဲ့အထက် ၄၈ ကြိမ်မြောက်သက်ကြီး ကန်တော့ခံပုဂ္ဂိုလ်တွေ ၁၃၅ ဦးရှိခဲ့ရာ နေရာအခက်အခဲကြောင့် လာရောက်ကန်တော့ခံကြွရောက်လာသူ ၃၅ ဦးတို့ကိုသာ ကန်တော့ပစ္စည်းတွေ လှူဒါန်းပေးအပ်ချီးမြှင့်ခဲ့တာလည်းဖြစ်ပါတယ်။
ဒီသက်ကြီးပူဇော်ပွဲအတွက် အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီများရှင် ရန်အောင်က ကျပ် (၁၀) သိန်း၊ အကယ်ဒမီခန့်စည်သူ ကျပ် (၅) သိန်း၊ အကယ်ဒမီလွင်မိုးနဲ့ သမီးယွန်းဝတီလွင်မိုးတို့က ကျပ် (၁၀) သိန်း၊ သရုပ်ဆောင်ဇေရဲထက်က ကျပ် (၁၀) သိန်း၊ ဒါရိုက်တာညီညီထွန်းလွင်၊ ဒါရိုက်တာဩရသမိသားစုက ကျပ် (၅) သိန်း၊ သရုပ်ဆောင်နေဆန်းနဲ့ ဇနီးမချောစုမိသားစုက ကျပ် (၅) သိန်း၊ သရုပ်ဆောင်သင်ဇာဝင့်ကျော်က ကျပ် (၁၁) သိန်း၊ သရုပ်ဆောင် စုလှိုင်နှင်းက ကျပ် (၃) သိန်း၊ သရုပ်ဆောင် မေမီကိုကိုက ကျပ် (၁၀) သိန်း၊ သရုပ်ဆောင် မမဆောင်းက ကျပ် (၁၅) သိန်း၊ သရုပ်ဆောင် လှမျိုးသဥ္ဇာနွယ်က ကျပ် (၅) သိန်း၊ အကယ်ဒမီ ချောရတနာက ကျပ် (၅) သိန်း၊ ကိုမိုးဆက်မုန်းနဲ့ ဇနီး သရုပ်ဆောင်အိချောပို မိသားစုတို့က ရေသန့်ကတ် ၅၀၊ သရုပ်ဆောင် မိုးပြည့်ပြည့်မောင်က ကျပ် (၂) သိန်း၊ သရုပ်ဆောင် ပြည့်ပြည့်ဘုန်းမြတ်က ကျပ် (၁) သိန်း၊ အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးက ကျပ် (၁၀) သိန်း၊ ဖိုးဝရုပ်ရှင်ထုတ်လုပ်ရေးက ကျပ် (၁၀) သိန်း၊ Trust Double9 သောက်ရေသန့်က ကျပ် (၁၀) သိန်း၊ ဗီဒီယိုအခြေခံအဖွဲ (ဗဟို)က ကျပ် (၇) သိန်း၊ Bote sone Ma chilli and curry powder co.ltd က ရုပ်ရှင်သက်ကြီးကန်တော့ခံတွေအတွက် ကျပ် ၈၈၈,၄၀၀ တန်ဖိုးရှိ စားသောက်ကုန် စတာတွေ ပါဝင် လှူဒါန်းနေလျှက်ရှိပါတယ်။
၂၀၂၅ ခုနှစ်က သက်ကြီးကန်တော့ခံ ပုဂ္ဂိုလ်တစ်ဦးကို ကျပ် ၄ သိန်း ၈ သောင်းကျော်နဲ့ လူသုံးကုန် ဆေးဝါးပစ္စည်း အမျိုးအစား ၆၀ ကျော်ကို လှူဒါန်းခဲ့တာလည်းဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ ကန်တော့ခံပုဂ္ဂိုလ်တွေကိုလည်း အိမ်တိုင်ရာရောက် ဆက်လက်ကန်တော့ခဲ့တာလည်းဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်နေ့ အထိမ်းအမှတ်အဖြစ် အစည်းအရုံးဝန်းအတွင်း နိဗ္ဗာန်ဈေး စတုဒီသာဆိုင်ခန်းပေါင်း ၄၀ နီးပါးက အနုပညာရှင် ထုတ်လုပ်သူတွေက ကျွေးမွေး ဧည့်ခံသွားမှာလည်းဖြစ်ပါတယ်။
#YanAung #UAyeKyuLay #၁၀၆ကြိမ်မြောက်မြန်မာရုပ်ရှင်နေ့ #ရုပ်ရှင်သက်ကြီးပူဇော်ပွဲ #မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး #၄၉ကြိမ်မြောက်ရုပ်ရှင်သက်ကြီးပူဇော်ပွဲ
