
သက်တံ့
၂၄. ၉. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဥဒုံဌာနီခရိုင်တွင် အသက်အငယ်ဆုံး မိခင်ဖြစ်လာသူမှာ အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦးဖြစ်ပြီး၊ မိန်းကလေးငယ်၏ ခင်ပွန်းဖြစ်သူမှာ အသက် ၁၃ နှစ်အရွယ်သာ ဖြစ်သည်ဟု ကျန်းမာရေးမြှင့်တင်ရေးဗဟိုဌာန (ခရိုင် ၈) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ယင်းဖြစ်စဉ်အား စက်တင်ဘာ ၂၃ ရက်နေ့က ဒေသတွင်း တက္ကသိုလ်တစ်ခုတွင် ကျင်းပသည့် အသက်မပြည့်သေးသူများ ကိုယ်ဝန်ဆောင်မှု တားဆီးကာကွယ်ရေး အစီအစဉ်တွင် ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။
တာဝန်ရှိသူ၏ ပြောကြားချက်အရ အသက် ၉ နှစ်အရွယ် ထိုမိန်းကလေးငယ်သည် သူမ၏ချစ်သူနှင့် ဆက်ဆံရေး တည်မြဲစေရန်အတွက် ရည်ရွယ်ချက်ရှိရှိ ကိုယ်ဝန်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ မကြာသေးမီက စတုတ္ထနှစ် ကျောင်းသူတစ်ဦးသည် အဆောင်အတွင်း ကိုယ်ဝန်ပျက်ကျခဲ့ပြီးနောက် ကလေး၏ရုပ်အလောင်းအား ဘုန်းကြီးကျောင်းသို့ ယူဆောင်သွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့အပြီးတွင်၊ ဥဒုံဌာနီ ရာဇဘတ် တက္ကသိုလ်၌ ကျင်းပသော “Safe Love Smart Life” သင်တန်းတွင် ထိုအဖြစ်အပျက်ကို သာဓကအဖြစ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
တက္ကသိုလ်သည် သိပ္ပံပညာရပ်ဆိုင်ရာ ပထမနှစ် ကျောင်းသား/ကျောင်းသူ ၃၅၀ ဦးအား အသက်မပြည့်သေးမီ ကိုယ်ဝန်ဆောင်ခြင်း တားဆီးကာကွယ်ရေး ဆိုင်ရာ ဗဟုသုတများ ပေးရန်နှင့် ဖြစ်လာနိုင်ဖွယ်ရှိသော စွန့်စားရသည့် အခြေအနေများကို ကိုင်တွယ်ဖြေရှင်းနိုင်သည့် စွမ်းရည်များ မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ အဆိုပါ သင်တန်းကို စုစည်းကျင်းပခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အစီအစဉ်တွင် ဥဒုံဌာနီခရိုင်အတွင်း အသက်မပြည့်သေးသူများ ကိုယ်ဝန်ဆောင်မှု အခြေအနေများ၊ လူငယ်ကျန်းမာရေး ဝန်ဆောင်မှုများနှင့် လုံခြုံစိတ်ချရသော ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာ ကွန်ရက် (RSA) တို့နှင့် ပတ်သက်သည့် အချက်အလက်များ ပါဝင်သည်။
ကျန်းမာရေးမြှင့်တင်ရေးဗဟိုဌာန (ခရိုင် ၈) မှ ဆုကညာ ကာနာဝါပီ က သူမအနေဖြင့် လူငယ်များ ကိုယ်ဝန်ဆောင်မှု အခြေအနေများကို ဆယ်စုနှစ်တစ်ခုကျော် စောင့်ကြည့်လေ့လာခဲ့ပြီး၊ အသက်မပြည့်သေးသူများ ကိုယ်ဝန်ဆောင်ခြင်းသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က စောင့်ကြည့်စစ်ဆေးနေသည့် သော့ချက်ကျသော ညွှန်းကိန်းတစ်ခုဖြစ်သလို ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ခုလည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဥဒုံဌာနီခရိုင်တွင် အသက် ၁၀ နှစ်မှ ၁၄ နှစ်အကြား မိခင်များ၏ မွေးဖွားနှုန်းမှာ ၂၀၂၃ ခုနှစ်တွင် ဖြစ်စဉ် ၂၀ အထိ ရှိခဲ့ရာမှ ၂၀၂၆ ခုနှစ်တွင် ၆ ခုအထိ လျော့ကျသွားခဲ့သည်ဟု သူမက ပြောသည်။ ထိုအသက်အုပ်စုသည် အဆိုပါခရိုင်အတွင်းရှိ အသက်မပြည့်သေးသော မိခင်များ၏ ၂၀ ရာခိုင်နှုန်းခန့် ရှိသည်ဟုလည်း သူမက ဆိုသည်။
အသက်ငယ်ရွယ်သူများသည် ကိုယ်ဝန်ရရှိသွားနိုင်သည့် အခြေအနေထက် မိဘများက လိင်ဆက်ဆံဖူးသည်ကို သိရှိသွားမည်ကို ပိုမိုစိုးရိမ်လေ့ရှိကြကြောင်း အကြံပေးဝန်ဆောင်မှုများမှ လေ့လာတွေ့ရှိရသည်ဟု ဆုကညာ က ပြောကြားခဲ့သည်။
သူမက လူငယ်များအနေဖြင့် အကြံဉာဏ်များ ရယူကြရန် တိုက်တွန်းခဲ့ပြီး သားဆက်ခြားနည်းများကို နားလည်သဘောပေါက်ရန်၊ မိမိတို့၏ ခန္ဓာကိုယ်ကို လေးစားတန်ဖိုးထားရန်နှင့် ကိုယ်ဝန်ရရှိခြင်းနှင့် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ၏ စွန့်စားရမှုများကို သိရှိနားလည်ထားရန် အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် တင်ပြခဲ့သည့် ဒေတာအချက်အလက်များအရ မရည်ရွယ်ဘဲ ကိုယ်ဝန်ရရှိခဲ့၍ အကြံဉာဏ်တောင်းခံခဲ့သည့် ကျောင်းသား/ကျောင်းသူများအနက် ၅၅ ဒသမ ၃ ရာခိုင်နှုန်းမှာ မရည်ရွယ်ဘဲ လိင်ဆက်ဆံခဲ့မိခြင်းဖြစ်ကြောင်း၊ ဝန်းကျင်အခြေအနေ သို့မဟုတ် အရှိန်အဟုန်ကြောင့် လိင်ဆက်ဆံမှု ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု ဖြေဆိုသူများက ဖော်ပြခဲ့ကြသည်။ အခြား ၂၀ ဒသမ ၅ ရာခိုင်နှုန်းမှာမူ မူးယစ်သောက်စားထားစဉ် လိင်ဆက်ဆံခဲ့ကြခြင်း ဖြစ်သည်။
ထို့အပြင် ကိုယ်ဝန်ဆောင်မှုများ၏ ၆၄ ဒသမ ၅ ရာခိုင်နှုန်းမှာ မရည်ရွယ်ဘဲ ရရှိခဲ့ခြင်းဖြစ်ပြီး၊ ၃၅ ဒသမ ၆ ရာခိုင်နှုန်းမှာမူ ရည်ရွယ်ချက်ရှိရှိ ကိုယ်ဝန်ယူခဲ့ခြင်းဖြစ်ကြောင်း ဒေတာများက ဖော်ပြနေသည်။
အသက်မပြည့်သေးမီ ကိုယ်ဝန်ဆောင်ခြင်းသည် ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် အနာဂတ် ဝင်ငွေများအပြင် မိသားစု ဆက်ဆံရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ တာဝန်ယူမှုများကိုပါ ထိခိုက်စေနိုင်ကြောင်း သင်တန်းတွင် တင်ပြခဲ့သည့် အချက်အလက်များအရ သိရသည်။
ကျန်းမာရေးမြှင့်တင်ရေးဗဟိုဌာန (ခရိုင် ၈) သည် လူကိုယ်တိုင် သို့မဟုတ် အွန်လိုင်းမှတစ်ဆင့် လျှို့ဝှက်အကြံပေး ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။ ထို့အပြင် ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာ ဝန်ဆောင်မှုများနှင့် ပတ်သက်သည့် အချက်အလက်များကိုပါ ပံ့ပိုးပေးထားပြီး သက်ဆိုင်ရာ စည်းမျဉ်းများအရ ကိုယ်ဝန် ၁၂ ပတ်အထိ ဖျက်ချခွင့်ရှိကြောင်း၊ ဆေးဘက်ဆိုင်ရာ ထည့်သွင်းစဉ်းစားရမည့် အချက်များ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့် ရရှိလာသော ကိုယ်ဝန်များအပါအဝင် သီးသန့် အခြေအနေအချို့တွင် ကင်းလွတ်ခွင့်များ ရှိကြောင်း ဖော်ပြထားသည်။
အသက်မပြည့်သေးသူများ ကိုယ်ဝန်ဆောင်ခြင်းနှင့် မရည်ရွယ်ဘဲ ကိုယ်ဝန်ရရှိခြင်းတို့အပေါ် လူထု၏ စိတ်ပါဝင်စားမှု တိုးတက်လာပြီးနောက် ကျောင်းသား/ကျောင်းသူများ၏ ဗဟုသုတနှင့် ဆုံးဖြတ်ချက်ချနိုင်သည့် စွမ်းရည်များကို မြှင့်တင်ပေးရန် ရည်ရွယ်၍ ယခု အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း တက္ကသိုလ်က ပြောကြားခဲ့သည်။
Ref: Khaosod
