သတိုး
၂၄. ၉. ၂၀၂၆
မဲမသမာမှုများ၊ အဂတိလိုက်စားမှုများဖြင့် ပြစ်ဒဏ်ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်ကို အများကြီး သက်ညှာခဲ့ကြောင်းနှင့် အနာဂတ်လွတ်ငြိမ်းချမ်းသာခွင့်မှာလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ်သာ မူတည်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားလိုက်သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား Time Magazine မှ သတင်းထောက် Charlie Campbell က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်ထံ လာရောက် တွေ့ဆုံမေးမြန်းရာတွင် Charlie Campbell က “အဆွေတော်သမ္မတကြီး ခင်ဗျာ၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြစ်ဒဏ် ၃၃ နှစ် ကျခံနေရတဲ့အခါမှာ အဆွေတော်တို့အနေနဲ့ ပြစ်ဒဏ်ကို ၁၈ နှစ် လျှော့ချပေးခဲ့ပြီး ၁၃ နှစ် ပြစ်ဒဏ်ကို ကျခံရန်ကျန်ရှိဆဲဖြစ်ပါတယ်။ သူမရဲ့ အနာဂတ်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး သိရှိလိုပါတယ်။” ဟု မေးမြန်းသည်ကို နိုင်ငံတော်သမ္မတက “ဒီလိုအခြေအနေမျိုး မရောက်အောင်တော့ ကျွန်တော်တို့လည်း မျိုးစုံကြိုးစားခဲ့တာ။ သို့သော်လည်းပဲ ဒီလိုအခြေအနေမျိုးထိ ရောက်လာခဲ့တယ်။ အဲဒီတော့ သူ့ရဲ့အသက်အရွယ်အရ ကျွန်တော်တို့ အရေးယူထားတဲ့ ကိစ္စတွေရှိပါတယ်။ ပြစ်မှုပိုင်းဆိုင်ရာက ကျွန်တော်တို့ အရေးယူခဲ့တာဖြစ်ပါတယ်။ တကယ်လည်းပေါ်လွင်ပါတယ်။ သူ့ရဲ့ပထမဦးဆုံးစခဲ့တဲ့ ပြဿနာကတော့ ရွေးကောက်ပွဲမှာအနိုင်ရအောင် မတရားတဲ့နည်းနဲ့ရအောင် ကြိုးစားခဲ့တဲ့ဟာပါ။ တော်တော်လေး ဆိုးဆိုးရွားရွားဖြစ်ပါတယ်။ ဒီမိုကရေစီမှာ အထွေထွေရွေးကောက်ပွဲသည် အသက်ပါပဲ။ အဲဒီတော့ရွေးကောက်ပွဲမှာ မတရားသဖြင့်လုပ်ခဲ့တဲ့ဟာပါ။ ၂၀၂၁ ကျွန်တော်တာဝန်ယူတဲ့အချိန်မှာ ဒါတွေစစ်ဆေးတွေ့ရှိချက်တွေ ကျွန်တော် website မှာ အကုန်တင်ထားပါတယ်။ မဲမသမာမှု ၃၀ ရာခိုင်နှုန်း မကလောက်ဖြစ်ခဲ့တာ။ တကယ်ဆိုးပါတယ်။ တိုင်းပြည်လည်း ဒီမိုကရေစီမှာတော့ ရုပ်အပျက်ဆုံး ရွေးကောက်ပွဲတစ်ခု ဖြစ်ခဲ့တာပါ။ ဒါကြောင့် ကျွန်တော်တို့ကလည်း သူ့ကိုအရေးယူခဲ့တာရှိတယ်။ အဲဒီမှာမှ ထပ်ပြီးတော့ ပေါ်လာတာက အဂတိမှုတွေဖြစ်ပါတယ်။ တကယ်တော့ အရေးယူမယ်ဆိုတခြားအများကြီး ရှိပါတယ်။ ကျွန်တော်တို့ ဖြတ်ချလိုက်ပြီးတော့ ဒီလောက်လေးပဲ အရေးယူခဲ့တာ။ နောက်သူ့ရဲ့ အသက်အရွယ်အရပါ။ နောက်စေတနာစိတ် ပြီးတော့ ကျွန်တော်လုပ်နိုင်တဲ့ အခွင့်အာဏာအတွင်းကနေ ကျွန်တော်လျှော့ပေးလိုက်တာ။ ဒါပေမယ့် ကျွန်တော်တို့က အနာဂတ်ဆိုတာ ကြိုမမြင်နိုင်တော့ဘာဖြစ်မလဲ ကျွန်တော်မပြောနိုင်ဘူး။ သူ့ရဲ့လုပ်ဆောင်ချက်တွေအပေါ် မူတည်ပြီးတော့ လျှော့ပေါ့စဉ်းစားမယ့်အချက်တွေပေါ်လာလို့ ရှိရင်လည်း ကျွန်တော်တို့စဉ်းစားမှာပါ။ ဒါလည်း သူမအပေါ်မူတည်မယ်လို့ ကျွန်တော်တို့က ပြောချင်ပါတယ်။ နောက်တစ်ခုက သူ့ကိုလည်း ကျွန်တော်ကောင်းကောင်းထားပါတယ်။ မကြာသေးခင်က ကျွန်တော် ICRC ကိုယ်စားလှယ်နဲ့ တွေ့ခွင့်ပေးတယ်၊ ဓာတ်ပုံတွေ ထုတ်ဝေတယ်။ အိမ်မှာ စနစ်တကျထားပါတယ်။ ကျွန်တော် အကျဉ်းထောင်ထဲမှာ မထားဘူး။ သူ့ကို relax သက်သက်သာသာ နေရတဲ့ပြစ်ဒဏ်မျိုးပါ ကျွန်တော်တို့ ချထားတာဖြစ်ပါတယ်။ သူ့အပေါ်မှာ ကျွန်တော်အများကြီး သက်ညှာပါတယ်။” ဟု ထည့်သွင်းဖြေဆိုခဲ့သည်။
ထို့အပြင် Charlie Campbell က “အကယ်၍ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အပေါ် မူတည်ပြီးတော့ သူ့ရဲ့ နိုင်ငံရေးအရအခန်းကဏ္ဍ ဘယ်လိုဖြစ်မယ်လို့ ထင်ပါသလဲခင်ဗျာ။”ဟု ဆက်လက်မေးမြန်းသည်ကိုလည်း နိုင်ငံတော်သမ္မတက “အဲဒါသူ့အပေါ်မှာ မူတည်ပါလိမ့်မယ်။ ဒါကြောင့် ခုနပြောတဲ့အချက် ရှေ့ဘာဖြစ်မလဲဆိုတာ ကျွန်တော်တို့မပြောနိုင်ဘူး။ အခြေအနေပေါ်မှာ အများကြီးတည်လိမ့်မယ်။ အဲဒီအပေါ်မူတည်ပြီးတော့ သူ့အတွက်အခွင့်အရေးရမှာပါ။ ဒါလည်းသူ့အပေါ်မှာ မူတည်တယ်လို့ ပြောပါတယ်။ ဒါကြောင့် ဒီအခြေအနေပဲရှိမယ်လို့ ကျွန်တော် ပြောချင်ပါတယ်။”ဟု ဆက်လက်ဖြေဆိုပေးခဲ့သည်။
