သက်တံ့
၂၄. ၉. ၂၀၂၆
အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်သည် ရုရှားနှင့် ယူကရိန်းတို့အကြား စစ်ပွဲဖြစ်ပွားနေသည့်ကြားမှ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်တည်ဆောက်ရန် နောက်ဆုံးခြေလှမ်းအဖြစ် အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီတွင် ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးသို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်အား တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက လာမည့် ဒီဇင်ဘာလတွင် ကျင်းပမည့် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ပူတင်အား ဖိတ်ကြားထားပြီး ရုရှားခေါင်းဆောင်အနေဖြင့် ကမ္ဘာ့ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခွင့် ရရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း ဗုဒ္ဓဟူးနေ့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
“ပြဿနာတွေကို ဖြေရှင်းဖို့အတွက်ဆိုရင် မိမိနဲ့ သဘောထားမတိုက်ဆိုင်တဲ့သူ သို့မဟုတ် အမြင်မတူဘဲ သဘောထားကွဲလွဲမှုရှိနေတဲ့သူတွေနဲ့ တွေ့ဆုံရပါမယ်။ ဒါကြောင့် သမ္မတပူတင်ကို G20 ထိပ်သီးအစည်းအဝေးဆီ ဖိတ်ကြားခဲ့တာဖြစ်ပါတယ်”ဟု ရူဘီယိုက ပြောကြားခဲ့သလို “ဒါဟာ သမ္မတနဲ့တင်မကဘဲ အခြားကမ္ဘာ့ခေါင်းဆောင်တွေနဲ့ပါ ဆက်ဆံဆွေးနွေးနိုင်မယ့် အခွင့်အရေးတစ်ခုလို့ ကျွန်တော်တို့ ယူဆပါတယ်။ ဒီဖိတ်ကြားချက်ကို သူလက်ခံလိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟုလည်း ဆိုခဲ့သည်။
ရူဘီယို၏ ပြောကြားချက်များသည် နယူးယောက်မြို့တွင် ကျင်းပလျက်ရှိသော ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) ၏ ပြင်ပဆွေးနွေးပွဲတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗ်ရော့ဗ်နှင့် တွေ့ဆုံပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ဗုဒ္ဓဟူးနေ့က UNGA ၌ မိန့်ခွန်းပြောကြားစဉ် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ရုရှားအပေါ် စီးပွားရေးအရ ဖိအားပိုမိုပေးရန် ကမ္ဘာ့နိုင်ငံများအား တောင်းဆိုခဲ့သည်။
“ကုန်သွယ်မှုကနေတစ်ဆင့် ရုရှားကို ငွေကြေး ပိုမိုပေးအပ်လေလေ၊ ဒီစစ်ပွဲအတွက် အချိန် ပိုပေးလိုက်ရလေလေပါပဲ။ ဒါကြောင့်မို့လို့ပဲ ကျွန်တော်တို့ဟာ ကျူးကျော်သူနဲ့ ကုန်သွယ်မှုကို ကန့်သတ်ဖို့ အခိုင်အမာ တောင်းဆိုနေတာဖြစ်ပြီး ရုရှားရဲ့ ဝင်ငွေတွေကို ကျွန်တော်တို့ကိုယ်တိုင် မီးရှို့ဖျက်ဆီးနေတာ ဖြစ်ပါတယ်” ဟု ဇယ်လန်းစကီးက ပြောကြားခဲ့ပြီး စစ်ပွဲကို အဆုံးသတ်နိုင်မည့် ခြေလှမ်းများလှမ်းရန် ရုရှားက ရိုးသားစွာ စိတ်ဝင်စားမှုရှိမရှိ သံသယဖြစ်မိကြောင်း ဖွင့်ဟပြောကြားခဲ့သည်။
သမ္မတ ထရမ့်ပ်သည် ၂၀၂၂ ခုနှစ်က စတင်ခဲ့သော ရုရှား၏ ယူကရိန်းအပေါ်စစ်ပွဲဆင်နွှဲမှုကို အဆုံးသတ်ရန် ရုရှားနှင့် ယူကရိန်းတို့ကြား သဘောတူညီချက်ရရှိရေး အဖက်ဖက်မှ အကြိမ်ကြိမ် ကြိုးပမ်းလျက်ရှိသော်လည်း အောင်မြင်မှုမရသေးချေ။
ယူကရိန်းတာဝန်ရှိသူများက စွမ်းအင်အခြေခံအဆောက်အအုံများအား တိုက်ခိုက်မှုများကို ခေတ္တရပ်ဆိုင်းရန်နှင့် ပင်လယ်နက် သင်္ဘောလိုင်းများ ကုန်သွယ်မှုကို လွယ်ကူချောမွေ့စေရန် တောင်းဆိုထားသည်။ သို့သော် ရုရှားဘက်က ထိုသို့သော သဘောတူညီချက်ကို စိတ်ဝင်စားသည့် အရိပ်အယောင် အနည်းငယ်မျှသာ ပြသခဲ့သည်။
“ကျွန်တော်တို့ရဲ့ အထူးစစ်ဆင်ရေးကို ရပ်ဆိုင်းထားမှာ မဟုတ်ပါဘူး” ဟု လာဗ်ရော့ဗ်က ဗုဒ္ဓဟူးနေ့တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ ပြောကြားခဲ့ပြီး ဥရောပနိုင်ငံများသည် တိုက်ပွဲများကို ခေတ္တရပ်ဆိုင်းကာ ကီးယက် (Kyiv) အစိုးရအား လက်နက်များ ပိုမိုဖြည့်တင်းပေးချင်နေသည်ဟု စွပ်စွဲခဲ့သည်။
သို့သော်လည်း ရူဘီယိုက ယာယီအပစ်အခတ်ရပ်စဲရေး ဖြစ်နိုင်ခြေအပေါ် ဆက်လက် အကောင်းမြင်နေဆဲဖြစ်သည်။
“နှစ်ဖက်စလုံးက ကောက်ပဲသီးနှံနဲ့ စွမ်းအင်ဆိုင်ရာ အကန့်အသတ်ရှိတဲ့ အပစ်အခတ်ရပ်စဲရေးတစ်ခုမှာ စိတ်ဝင်စားမှုရှိကြောင်း ထုတ်ဖော်ပြသခဲ့ကြတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ဒါဟာလည်း လွယ်ကူမှာမဟုတ်ဘူးဆိုတာ သိကြမှာပါ” ဟု ရူဘီယိုက ပြောခဲ့သည်။
ဇယ်လန်းစကီးကလည်း ကီးယက်အနေဖြင့် ပင်လယ်နက်အတွင်း ရေကြောင်းဆိုင်ရာ တိုက်ခိုက်မှုရပ်စဲရေးကို ဆက်လက် မျှော်လင့်ထားကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
“ကျွန်တော်တို့ ရုရှားရဲ့ အကြောင်းပြန်ချက်ကို စောင့်ဆိုင်းနေပါတယ်။ ရုရှားဘက်က စစ်ရေးတင်းမာမှု လျှော့ချဖို့ အမှန်တကယ် ဆောင်ရွက်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံဘက်ကလည်း ပင်လယ်နက်အတွင်း ရေကြောင်းသွားလာရေး ဘေးကင်းလုံခြုံမှုနဲ့ စားနပ်ရိက္ခာ လုံခြုံရေးကို အာမခံပေးဖို့ အသင့်ရှိပါတယ်” ဟု ဇယ်လန်းစကီးက ပြောကြားကာ “နေရာတစ်ခုခုကနေတော့ စတင်ရမှာဖြစ်ပါတယ်” ဟု ဖြည့်စွက်ပြောခဲ့သည်။
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) သည် ယူကရိန်းကလေးငယ်များကို ရုရှားပိုင်နက်အတွင်းသို့ အတင်းအဓမ္မ ခေါ်ဆောင်ခဲ့သည့် စစ်ရာဇဝတ်မှုဖြင့် ၂၀၂၃ ခုနှစ်တွင် ပူတင်အား ဖမ်းဝရမ်းထုတ်ပြန်ထားသည်။ အဆိုပါ ဖမ်းဝရမ်းအရ အဖွဲ့ဝင်နိုင်ငံများသည် ပူတင် ၎င်းတို့နိုင်ငံသို့ လာရောက်ပါက ဖမ်းဆီးရန် တာဝန်ရှိသော်လည်း တရားရုံးတွင် ယင်းကို အတင်းအကျပ် အကောင်အထည်ဖော်ရန် လုပ်ပိုင်ခွင့် မရှိပေ။ ထို့အတူ အမေရိကန်ပြည်ထောင်စုသည်လည်း ICC ၏ အဖွဲ့ဝင်နိုင်ငံ မဟုတ်ပေ။
Ref: Al Jazeera
