သက်တံ့
၂၄. ၉. ၂၀၂၆
ဒုတိယကမ္ဘာစစ်အတွင်း ပြည်ပ၌ သေဆုံးခဲ့သည့် ဂျပန်လူမျိုးများ၏ ရုပ်ကြွင်းများကို လိုက်လံရှာဖွေ ကောက်ယူသည့် စီမံကိန်းအတွင်း အခြားနိုင်ငံများမှ မှားယွင်းယူဆောင်လာခဲ့သည့် လူ့ရုပ်ကြွင်းများကို ကာဇက်စတန်နှင့် မြန်မာနိုင်ငံတို့ထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဂျပန် ကျန်းမာရေး၊ လုပ်ငန်းခွင်နှင့် လူမှုဝန်ထမ်းဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ယင်းသည် ထိုစီမံကိန်းအတွင်း မှားယွင်းကောက်ယူခဲ့မိသည့် နိုင်ငံခြားသားများ၏ ရုပ်ကြွင်းများကို ဝန်ကြီးဌာနအနေဖြင့် ပထမဆုံးအကြိမ် ပြန်လည်လွှဲပြောင်းပေးအပ်ခြင်း ဖြစ်သည်။ စစ်ပြီးခေတ် ရုရှားနိုင်ငံ၊ ဆိုင်ဘေးရီးယားတွင် ထိန်းသိမ်းခံခဲ့ရသည့် ဂျပန်လူမျိုးများ၏ ရုပ်ကြွင်းများနှင့် နိုင်ငံခြားသားများ၏ ရုပ်ကြွင်းများကို ဝန်ကြီးဌာနက မှားယွင်းရောထွေးခဲ့ကြောင်း ၂၀၁၉ ခုနှစ်တွင် ပေါ်ပေါက်ခဲ့ပြီးနောက် အဆိုပါ ရုပ်ကြွင်းများ ပြန်လည်အပ်နှံမှု ထွက်ပေါ်လာခြင်းဖြစ်သည်။ အလားတူ မှားယွင်းမှုမျိုး ဖိလစ်ပိုင်နိုင်ငံတွင်လည်း ဖြစ်ပွားခဲ့သည်။
ပြန်လည်အပ်နှံခဲ့သည့် ရုပ်ကြွင်းများမှာ ၂၀၀၁ ခုနှစ်က ကာဇက်စတန်နိုင်ငံမှ ကောက်ယူခဲ့သော ရုပ်ကြွင်း ၂ စုံနှင့် ၂၀၀၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ ကောက်ယူခဲ့သော ရုပ်ကြွင်း ၄ စုံတို့ ဖြစ်ကြသည်။
၂၀၁၉ ခုနှစ်တွင် အမှားအယွင်းများ ပေါ်ပေါက်ခဲ့ပြီးနောက် ဂျပန်နိုင်ငံသည် အဆိုပါ ရုပ်ကြွင်းများကို စစ်ဆေးခဲ့ရာ ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်ကြားတွင် ၎င်းတို့သည် ဂျပန်လူမျိုးများ ဖြစ်နိုင်ခြေ မရှိသလောက် နည်းပါးကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် ဝန်ကြီးဌာနသည် ယခုနှစ် ဇွန်လနှင့် ဇူလိုင်လအတွင်း ထိုရုပ်ကြွင်း ၆ စုံကို ပြန်လည်အပ်နှံခဲ့ခြင်း ဖြစ်သည်။
ယခုဖြစ်စဉ်အပြင် ဂျပန်လူမျိုး ဟုတ်၊ မဟုတ် မရေရာသဖြင့် ဂျပန်သို့ ယူဆောင်လာခဲ့သည့် ရုပ်ကြွင်းနမူနာ ၂ ခုကိုလည်း ၂၀၂၂ ခုနှစ်က ကာဇက်စတန်သို့ ပြန်လည်အပ်နှံခဲ့ပြီး ဖြစ်သည်။
ဝန်ကြီးဌာနသည် အဆိုပါ စီမံကိန်းအရ ဂျပန်သို့ မှားယွင်းယူဆောင်လာခဲ့သည့် ရုပ်ကြွင်းများကို ပြန်လည်အပ်နှံနိုင်ရေးအတွက် ရုရှားနိုင်ငံနှင့် ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိသည်။ သို့သော် ရုရှား၏ ယူကရိန်းစစ်ပွဲကြောင့် အစိတ်အပိုင်းအချို့တွင် ညှိနှိုင်းမှုများ ကြန့်ကြာ ဆိုင်းငံ့နေခဲ့သည်။
၂၀၁၉ ခုနှစ် သတင်းဖြစ်စဉ် ပေါ်ပေါက်ခဲ့ပြီးနောက် ဝန်ကြီးဌာနသည် ရုပ်ကြွင်းကောက်ယူရေး နည်းလမ်းများကို ပြန်လည်သုံးသပ်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် ဂျပန်လူမျိုးဟု ယူဆရသည့် ရုပ်ကြွင်းများ၏ အစိတ်ပိုင်းအချို့ကို ဦးစွာ DNA စစ်ဆေးမှုပြုလုပ်ပြီး ဂျပန်လူမျိုးဖြစ်ကြောင်း အတည်ပြုနိုင်မှသာ ကျန်ရှိသော ရုပ်ကြွင်းများကို ဂျပန်သို့ ယူဆောင်သည့် နည်းလမ်းကို စတင်ကျင့်သုံးခဲ့သည်။
သို့သော် ထိုနည်းလမ်းသည် ရုပ်ကြွင်းများ ပြည်ပတွင် သောင်တင်နေသည့် အချိန်ကို ပိုမိုကြာမြင့်စေခဲ့သည်။ ထို့ကြောင့် ယခုလတွင် ဝန်ကြီးဌာနသည် ဂျပန်စစ်သည်များ၏ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် နေရာများတွင် တွေ့ရှိရသည့် ရုပ်ကြွင်းများကဲ့သို့ ဂျပန်လူမျိုး ဖြစ်နိုင်ခြေ မြင့်မားသည့် ရုပ်ကြွင်းများကိုမှ DNA ဓာတ်ခွဲစစ်ဆေးရန်အတွက် တစ်စုံလုံး အပြီးအစီး ယူဆောင်လာသည့် စမ်းသပ်လုပ်ငန်းစဉ်ကို စတင်ခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်း ပြည်ပ၌ သေဆုံးခဲ့သည့် ဂျပန်လူမျိုး ၂ ဒသမ ၄ သန်းခန့် ရှိမည်ဟု ခန့်မှန်းထားပြီး ရုပ်ကြွင်း ၁ ဒသမ ၁၂ သန်းမှာမူ ယနေ့ထိ ရှာဖွေမရသေးဘဲ ကျန်ရှိနေသေးသည်။ ဝန်ကြီးဌာနသည် ၂၀၂၉ ခုနှစ်အထိ သတ်မှတ်ထားသည့် အရှိန်အဟုန်မြှင့် ကောက်ယူရေး ကာလအတွင်း အဆိုပါ ရုပ်ကြွင်းများကို ပြန်လည်ရှာဖွေ ကောက်ယူနိုင်ရေးအတွက် ကြိုးပမ်းမှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။
Ref: Japan Times
ပုံစာ။ ဒုတိယကမ္ဘာစစ်အတွင်း ပြည်ပ၌ သေဆုံးခဲ့သည့် မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးသော ဂျပန်လူမျိုးများ၏ ရုပ်ကြွင်းများကို တိုကျိုမြို့ရှိ ချိဒိုရိဂါဖုချိ (Chidorigafuchi) အမျိုးသားသင်္ချိုင်းတွင် မြှုပ်နှံထားစဉ်။ (ဓာတ်ပုံ – JIJI)
