MT News
၂၄. ၉. ၂၀၂၆
မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွားပြည်သူများ ပိုမိုစိတ်ချမ်းမြေ့စွာ သွားလာနိုင်စေရေးအတွက် ခေတ်မီလေအေးပေးစက်ပါ DEMU တွဲဆိုင်းသစ်များဖြင့် လူစီးအမြန်ရထားများ ပြေးဆွဲပေးလျက်ရှိရာ ယမန်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်တွင် အမှတ်( ၇၄) အစုန် ပြည်-ရန်ကုန် DEMU လူစီးအမြန်ရထားသည် တိုက်ကြီးမြို့နယ် ဖလုံနှင့်သနပ်ချောင်း ဘူတာအကြား မိုင်တိုင်အမှတ် ၄၈/၂၀ နှင့် ၁၉ အတွင်း ရထားဖြတ်သန်းစဉ် ရထားလမ်းအရှေ့ဘက်မှ ခဲဖြင့်ပစ်ပေါက်ခဲ့သဖြင့် ရထားတွဲဆိုင်း၏ စက်ခေါင်းနောက်ကပ်လျက် ပထမတန်းတွဲ DEMU(F) 4019 ၏ ခုံအမှတ် 4A နှင့် 4 B အကြား ပြတင်းတံခါးဘေးလေကာမှန် လေးလက်မခန့် ပေါက်ထွက်ကြေမွကွဲအက်မှုဖြစ်ပွားခဲ့သော်လည်း ခရီးသည်နှင့်ဝန်ထမ်းများ ထိခိုက်မှုမရှိကြောင်း သိရသည်။
အခင်းဖြစ်ပွားရာ နေရာသို့ ရထားရဲတပ်ခွဲအမှတ် (၁၉) ပြည်မှ ရထားလိုက်လုံခြုံရေး ရဲအုပ်ဦးစီး ငါးဦးနှင့်တာဝန်ရှိသူများသွားရောက်၍ တရားခံဖမ်းဆီးရမိရေး သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ အကြောင်းကြားခဲ့ပြီး တိုက်ကြီးမြို့နယ်ရဲမှူးဦးစီးအင်အား စုစုပေါင်း ၁၅ ဦး ည ၈ နာရီ ၁၀ မိနစ်တွင်ရောက်ရှိ စုံစမ်းစစ်ဆေးခဲ့ရာ တရားခံဇော်ရဲအောင် အသက် (၃၄) နှစ် (ဘ) ဦးဝင်းဇော်လင်း၊ ဒုံးခိုက်ရွာ ဖလုံကျေးရွာအုပ်စုနေသူအား ဖြစ်စဉ်ဖြစ်ပွားသည့် စက်တင်ဘာ ၂၁ ရက် ည ၉ နာရီ ၁၅ မိနစ်တွင်ဖမ်းဆီးရမိပြီး တရားခံမှ ဝန်ခံထွက်ဆိုသဖြင့် ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ပုဒ်မ (၈၄) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ရထားကြန့်ကြာမှု ၃၅ မိနစ်ဖြစ်ပေါ်ခဲ့သော်လည်း အခြားရထားများကြန့်ကြာမှုမရှိဘဲ ပုံမှန်အတိုင်းပြေးဆွဲခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့နံနက် ၁၀ နာရီ ၂၇ မိနစ်တွင် ရန်ကုန်-မော်လမြိုင်လမ်းပိုင်း၌ ပြေးဆွဲလျက်ရှိသော အမှတ် (၈၃) အဆန် DEMU လူစီးအမြန်ရထားသည် ပေါင်ဘူတာမှ နံနက် ၁၀ နာရီ ၁၃ မိနစ်တွင်ထွက်ခွာလာရာ ပေါင်မြို့နယ် ပေါင်နှင့်သဲဖြူကုန်း ဘူတာအကြား မိုင်တိုင်အမှတ် ၁၆၄/၉ နှင့် ၁၀ အတွင်း ရထားဖြတ်သန်းစဉ် ရထားလမ်း၏လက်ဝဲဘက်မှ ခဲဖြင့်ပစ်ပေါက်ခဲ့သဖြင့် ရထားတွဲဆိုင်း၏ စက်ခေါင်းနောက် သုံးတွဲမြောက် အထက်တန်းတွဲ (၂) DEMU (U) 5007 ၏ ခုံအမှတ် 10 A နှင့် 10 B အကြား ပြတင်းတံခါးဘေး လေကာမှန်ပေါက်ပြီး စက်ခေါင်းနောက်ငါးတွဲမြောက် ပထမတန်းတွဲ (၄) DEMU (F) 4013 ၏ ခုံအမှတ် 10 A နှင့် 10 B အနီး ပြတင်းတံခါးမှန် ပေါက်ထွက်ကြေမွကွဲအက်မှုဖြစ်ပွားခဲ့သည်။
ခရီးသည်နှင့်ဝန်ထမ်းများထိခိုက်မှုမရှိသော်လည်း ဖြစ်စဉ်ကြောင့် ရထားကြန့်ကြာမှု ၃၈ မိနစ်ဖြစ်ပေါ်ခဲ့ပြီး အခြားရထားကြန့်ကြာမှုမရှိကြောင်း သိရသည်။
ဖြစ်စဉ်ဖြစ်ပွားရာသို့ အဆိုပါရထားအား နောက်ပြန်ဆုတ်ပြီး တရားခံအား ရှာဖွေဖော်ထုတ်ခဲ့ရာတွင် ကျော်လင်းထွန်း၊ အသက် (၄၄) နှစ် (ဘ) ဦးမောင်အေး၊ ဘန့်ဘွေးကုန်းကျေးရွာ ရာသက်ပန်လမ်း ပေါင်မြို့နယ်နေသူအား ဖမ်းဆီးရမိခဲ့ပြီး ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ပုဒ်မ (၈၄) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။
မြန်မာ့မီးရထားအနေဖြင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ပြီးဖြစ်သည့် ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ၊ အခန်း ၁၈၊ ပုဒ်မ ၇၉ (ခ) အရ ရထားကို တစ်စုံတစ်ရာဖြင့် ပစ်ပေါက်ခြင်း သို့မဟုတ် တစ်စုံတစ်ရာပြုလုပ်ခြင်းအတွက် ပြစ်ဒဏ်အနေဖြင့် ပုဒ်မ (၈၄)အရ ထိုသူကို အနည်းဆုံး ၅ နှစ်မှ နှစ် ၂၀ အထိမပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်ကိုလည်းချမှတ်နိုင်ပြီး ဖမ်းဆီးရမိသောတရားခံများကို ဥပဒေနှင့်အညီ ထောင်ဒဏ်များ အသီးသီးချမှတ် အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူများ အဆင်ပြေကောင်းမွန်စွာ ခရီးသွားလာနိုင်ရေးအတွက် အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းသွားရန်လိုအပ်ကြောင်း သိရသည်။
