၂၃.၉.၂၀၂၆
Translated by Htwe Ko Tun
တောင်အာဖရိကနိုင်ငံ၊ ဒါဘန်မြို့အနီးရှိ လူနေအဆောက်အအုံတစ်ခုတွင် လူအများအပြားကို ပစ်ခတ်သတ်ဖြတ်မှုတစ်ခု စက်တင်ဘာလ ၂၂ ရက် ညနှောင်းပိုင်းက ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
ဖြစ်ရပ်တွင် လက်နက်ကိုင်လူတစ်စုသည် ကွာမာခုသာမြို့နယ်ရှိ နေအိမ်တစ်လုံးကို စက်တင်ဘာလ ၂၂ ရက် ည ၁၁ နာရီမတိုင်မီအချိန်တွင် ဝင်ရောက်စီးနင်းပြီး အိမ်ရှိ လူ ၁၄ ဦးကို ပစ်ခတ်ခဲ့ကြခြင်းဟု ဆိုသည်။ ဆယ်ဦးမှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး လေးဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရာတွင် ၎င်းတို့အထဲမှ တစ်ဦးမှာ နောက်ပိုင်းတွင် ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ထိခိုက်သေဆုံးသူအချို့သည် တရားမဝင်လုပ်ငန်းများနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့၏ စောင့်ကြည့်စစ်ဆေးခံနေရသူများ ဖြစ်ကြသော်လည်း စတင်ဆောင်ရွက်နေပြီဖြစ်သော စုံစမ်းစစ်ဆေးမှုများကို ကာကွယ် ထိန်းသိမ်းရန်အတွက် ထိုအသေးစိတ်အချက်အလက်များကို လက်ရှိအချိန်တွင် ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
ပစ်ခတ်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို အတည်မပြုနိုင်သေးသော်လည်း ပြိုင်ဘက်အုပ်စုများ အကြား ရန်ငြိုးထားမှုကြောင့် ဖြစ်နိုင်ခြေကိုလည်း လျစ်လျူရှုထား၍ မရကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။
ရရှိထားသော သတင်းအချက်အလက်များအရ အမျိုးသား ၁၃ ဦးနှင့် ကိုယ်ဝန်ဆောင်ဟု ယူဆရသည့် အမျိုးသမီးတစ်ဦးတို့သည် အဆိုပါနေအိမ်အတွင်း ပါတီပွဲပြုလုပ်နေစဉ်လက်နက်ကိုင်အမျိုးသား သုံးဦး ရောက်ရှိလာပြီး ၎င်းတို့အား ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သေဆုံးသူများထဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးလည်း ပါဝင်ကာ သေဆုံးသူအချို့ကို ရဲတပ်ဖွဲ့က သိရှိထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တောင်အာဖရိကနိုင်ငံသည် ကမ္ဘာပေါ်တွင် လူသတ်မှုနှုန်း အမြင့်မားဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီး ရဲတပ်ဖွဲ့၏ အချက်အလက်များအရ တစ်ရက်လျှင် လူပေါင်း ၆၀ ကျော် သတ်ဖြတ်ခံရသည့် လူသတ်မှုနှုန်းမျိုး ရှိနေသည်။
မကြာသေးမီ ရက်သတ္တပတ်များအတွင်း အမျိုးသမီး အနည်းဆုံး ၉ ဦးကို ရက်စက်စွာ ဆက်တိုက်သတ်ဖြတ်ထားသည်ကို တွေ့ရှိခဲ့ရပြီး အချို့သော ရုပ်အလောင်းများကို လမ်းဘေးတွင် စွန့်ပစ်ထားခဲ့ခြင်းကြောင့် နိုင်ငံအတွင်း စိုးရိမ်ပူပန်မှုများ မြင့်တက်ခဲ့ရသည်။
၂၀၂၅ ခုနှစ်ကလည်း ဂျိုဟန်နက်စ်ဘာ့ဂ် မြို့ရှိ အရက်ဆိုင်တစ်ဆိုင်တွင် လူအများအပြားကို ပစ်ခတ်သတ်ဖြတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ကိုးဦး သေဆုံးခဲ့ဖူးသည်။
Ref- bbc
